ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ အာသုတ် (Asok) ဧရိယာရှိ ဆုခုမ်ဝစ် ၂၁ သွယ်ကြား ၃ (Sukhumvit 21 Soi 3) တွင် ယနေ့ စက်တင်ဘာ ၂၄ ရက် နံနက် ၇ နာရီခန့်က အမျိုးသားတစ်ဦး ဓားကိုင်ဆောင်ကာ သောင်းကျန်းခဲ့ပြီး ဆိုင်များကို ဖျက်ဆီး၍ လမ်းသွားလမ်းလာများကို လိုက်လံခုတ်နှက်ခဲ့သဖြင့် ကျူးလွန်သူအပါအဝင် စုစုပေါင်း ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
စုံစမ်းစစ်ဆေးချက်များအရ အဆိုပါ အကြမ်းဖက်သူမှာ မြန်မာအမျိုးသားတစ်ဦးဖြစ်ပြီး၊ ဇနီးဖြစ်သူအား လိုက်လံရှာဖွေရာတွင် မတွေ့ရှိသဖြင့် စိတ်ဖောက်ပြန်ကာ ယခုကဲ့သို့ သောင်းကျန်းခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။ အသေးစိတ် အကြောင်းအရင်းကို ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်။
ထိခိုက်ဒဏ်ရာရရှိသူများ:
-ကော်ဖီဆိုင် ဝန်ထမ်း: ခေါင်းတွင် ဓားခုတ်ခံရသဖြင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
ဝက်သားကင်ဆိုင် ပိုင်ရှင်: မှန်ကွဲစများ မျက်နှာကို စိုက်ဝင်သဖြင့် သွေးထွက်ဒဏ်ရာ ရရှိခဲ့သည်။
-အခြား လမ်းသွားလမ်းလာများ: ဒဏ်ရာရရှိခဲ့ကြပြီး၊ ကျူးလွန်သူ အမျိုးသားကိုယ်တိုင်လည်း တံခါးများကို ဒူးဖြင့် တိုက်ခွဲခြင်းနှင့် မှန်ကွဲစများကြောင့် ဒဏ်ရာရရှိခဲ့ကာ စုစုပေါင်း ၄ ဦး ဒဏ်ရာရခဲ့သည်။
အခင်းဖြစ်ချိန်တွင် မနက်စာ ရောင်းချရန် ပြင်ဆင်နေသည့် ဝက်သားကင်ဆိုင်၊ ထမင်းဟင်းဆိုင်နှင့် သစ်သီးဆိုင်များ တိုက်ခိုက်ခံခဲ့ရသည်။ ကျူးလွန်သူသည် ဓားဖြင့် ဆိုင်တံခါးများကို ခုတ်ထက်ခဲ့သည့်အပြင် နီးစပ်ရာ နတ်စင် (ศาลพระภูมิ) ကိုပါ ရိုက်ခွဲဖျက်ဆီးခဲ့သည်။
ထမင်းဟင်းဆိုင်ပိုင်ရှင်၏ ပြောကြားချက်အရ တစ်နေ့လျှင် ဘတ် ၄,၀၀၀ မှ ၅,၀၀၀ ခန့် ရောင်းချရသော်လည်း ယနေ့တွင် ရောင်းကုန်များအားလုံး ဖျက်ဆီးခံလိုက်ရသဖြင့် တစ်ဘတ်မျှ မရောင်းလိုက်ရကြောင်းနှင့် လုံခြုံရေးအတွက် စိုးရိမ်နေကြောင်း ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့နှင့် သက်သေအထောက်အထား စိစစ်ရေးအဖွဲ့ (Forensics) တို့သည် အခင်းဖြစ်ပွားရာ Sukhumvit Road အာသုတ် သွယ်ကြားအတွင်းသို့ သွားရောက်ကာ သက်သေခံပစ္စည်းများ စေလွှတ်သိမ်းဆည်းခဲ့သည်။
လက်ရှိတွင် ကျူးလွန်သူ မြန်မာအမျိုးသားမှာလည်း ဒဏ်ရာရရှိထားသဖြင့် ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး၊ ဆေးကုသမှု ပေးပြီးပါက ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
SourceKhaosod
