ထိုင်းနိုင်ငံ၊ လန်းပန်း (Lampang) ပြည်နယ်၊ ကော့ခါး (Koh Kha) မြို့နယ်ရှိ အဝေးပြေးလမ်းမကြီးအမှတ် ၁ ပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၈.၇ သန်းကျော် သယ်ဆောင်သည့် ဂိုဏ်း၏ ရှေ့ပြေးလမ်းပြကား (Scout Car) မောင်းနှင်သူ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို အဝေးပြေးလမ်းရဲတပ်ဖွဲ့က ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ကန်ဖန်ဖတ် (Kamphaeng Phet) ပြည်နယ်ရဲတပ်ဖွဲ့က ဟင်းသီးဟင်းရွက်ပုံများအောက်တွင် ဝှက်သယ်လာသည့် စိတ်ကြွဆေးပြားစုစုပေါင်း ၈,၇၉၀,၀၀၀ ပြား (၈.၇ သန်းကျော်) ကို ဦးစွာဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများကို ဆက်လက်စစ်ဆေးရာမှ ရဲဂိတ်များရှိမရှိ ရှေ့ကနေ ကြိုတင်ကြည့်ရှု သတင်းပို့ပေးနေသည့် လမ်းပြကားတစ်စီး ရှိနေကြောင်း သိရှိရသဖြင့် လန်းပန်းပြည်နယ် အဝေးပြေးရဲတပ်ဖွဲ့ထံ ညှိနှိုင်းကာ စစ်ဆေးရေးဂိတ်ဖွင့်ပြီး ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အဝေးပြေးရဲတပ်ဖွဲ့က သံသယရှိကား ဖြတ်သန်းမောင်းနှင်လာစဉ် တားဆီးစစ်ဆေးကာ ကားမောင်းသူ အမျိုးသားကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ တရားခံ၏ ဝန်ခံချက်အရ ၎င်းသည် ချင်းမိုင် (Chiang Mai) ပြည်နယ်မှ အယုဒ္ဓယ (Ayutthaya) ပြည်နယ်အထိ မူးယစ်ဆေးကားအတွက် ရဲကင်းနှင့် စစ်ဆေးရေးဂိတ်များ ရှိမရှိ လမ်းတစ်လျှောက် ကြည့်ရှုသတင်းပို့ပေးရန် ဘတ်ငွေ ၇၀,၀၀၀ ဖြင့် ငှားရမ်းခြင်းခံခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။
လက်ရှိတွင် အဝေးပြေးရဲတပ်ဖွဲ့က တရားခံနှင့် မော်တော်ယာဉ်ကို ကန်ဖန်ဖတ်ပြည်နယ်၊ ဓနုခလုန် (Khlong Khlung) ရဲစခန်းသို့ လွှဲပြောင်းပေးအပ်လိုက်ပြီး ဥပဒေအရ အရေးယူရန်နှင့် ကျန်ရှိနေသည့် ကွင်းဆက်တရားခံများကို ဆက်လက်ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးနေပါတယ်။
Source;ตำรวจทางหลวง
