ဟော်မုဇ်ရေလက်ကြားတွင် ထိုင်းကုန်တင်သင်္ဘောတစ်စီးကို အီရန် (IRGC) တိုက်ခိုက်မှုခံရ

အီရန်နိုင်ငံ၏ Tasnim သတင်းဌာန၏ ဖော်ပြချက်အရ ဇူလိုင် ၁၇ ရက် (သောကြာနေ့) က ဟော်မုဇ် (Hormuz) ရေလက်ကြားအတွင်း ဖြတ်သန်းမောင်းနှင်ရန် ကြိုးပမ်းခဲ့သည့် ထိုင်းကုန်တင်သင်္ဘောတစ်စောင်သည် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရေတပ်၏ သတိပေးချက်များကို လျစ်လျူရှုပြီး ခွင့်ပြုချက်မယူဘဲ မောင်းနှင်ခဲ့ခြင်းကြောင့် တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း သိရပါတယ်။

သတင်းရင်းမြစ်များ၏ အဆိုအရ အဆိုပါ ထိုင်းသင်္ဘောသည် အီရန်ရေတပ်၏ တားမြစ်ချက်နှင့် သတိပေးချက်များကို မလိုက်နာဘဲ ရေလက်ကြားအား ဆက်လက်ဖြတ်သန်းရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

အီရန်အစောင့်တပ်ဖွဲ့သည် ၎င်းတို့၏ သတ်မှတ်ချက်အတိုင်း ခွင့်ပြုချက်မရှိဘဲ သွားလာနေသည့် အဆိုပါသင်္ဘောအား ဆက်လက်မောင်းနှင်၍မရအောင် ရေလက်ကြားအတွင်း အရင်ဆုံးပိတ်ဆို့တားဆီးခဲ့ပြီးနောက် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ အဆိုပါတိုက်ခိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် သင်္ဘောပျက်စီးမှု အခြေအနေ အသေးစိတ်ကို သတင်းတွင် ထည့်သွင်းဖော်ပြထားခြင်း မရှိသေးပေ။ အလားတူ ထိုင်းအာဏာပိုင်များဘက်ကလည်း ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါး။

ယခုဖြစ်စဉ်သည် ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့ ကတည်းက စတင်ဖြစ်ပွားနေသည့် အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား အပြန်အလှန် စစ်ရေးတင်းမာမှု အရှိန်မြင့်တက်လာပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် နောက်ဆက်တွဲ ရေကြောင်းပဋိပက္ခတစ်ခု ဖြစ်သည်။

Source;ThaiPBSWorld