ဘန်ကောက်-အယုဒ္ဓယ မီးရထားခရီးစဉ်သစ် ဩဂုတ် ၁ ရက်မှစ၍ နေ့စဉ်ပြေးဆွဲမည်

ထိုင်းနိုင်ငံတော်မီးရထားလုပ်ငန်း (SRT) သည် ဘန်ကောက်မြို့ရှိ Krung Thep Aphiwat Central Terminal) နှင့် အယုဒ္ဓယ (Ayutthaya) မြို့တို့အကြား “SRT Bangkok Connex” ဟု အမည်ပေးထားသည့် Air-con ပါ ခရီးသည်တင်ရထားခရီးစဉ်အသစ်ကို လာမည့် ဩဂုတ်လ ၁ ရက်နေ့မှစတင်ကာ နေ့စဉ်တိုးချဲ့ပြေးဆွဲပေးတော့မည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

ယခုခရီးစဉ်အတွက် ဂျပန်နိုင်ငံမှ တင်သွင်းထားသည့် KIHA 40/48 ဒီဇယ်ရထားတွဲများကို ပြန်လည်မွမ်းမံပြီး အတွင်းပိုင်းဒီဇိုင်းအသစ်၊ ပိုမိုကျယ်ဝန်းသော ထိုင်ခုံများနှင့် လေအေးပေးစက်များတပ်ဆင်ကာ ခရီးသည်တင်တွဲများအဖြစ် အဆင့်မြှင့်တင်ထားခြင်းဖြစ်သည်။

ယခင်က ရုံးပိတ်ရက်မဟုတ်သောနေ့များတွင် ဒွန်မောင်း (Don Mueang) နှင့် အယုဒ္ဓယအကြားသာ ပြေးဆွဲခဲ့ရာမှ ယခုအခါ ဘန်ကောက်မြို့တွင်း/မြို့ပြင် ရထားကွန်ရက်များနှင့် အလွယ်တကူချိတ်ဆက်နိုင်ရန် ကရွန်ထက်အဖိဝပ် ဗဟိုဘူတာကြီးအထိ လမ်းကြောင်းတိုးချဲ့လိုက်ခြင်းဖြစ်သည်။

ခရီးသည်များ၏ သွားလာမှုပုံစံနှင့် ကိုက်ညီစေရန် ရက်သတ္တပတ်အလိုက် အချိန်ဇယားကို ပြင်ဆင်ထားသည်။

ရုံးဖွင့်ရက်များ (တနင်္လာ-သောကြာ)မှာ တစ်နေ့လျှင် ၆ ကြိမ် ပြေးဆွဲမည် (ရထားအမှတ် ၉၀၀၁ မှ ၉၀၀၆)။ ဘန်ကောက်နှင့် အနီးတဝိုက်ပြည်နယ်များသို့ သွားရောက်လုပ်ကိုင်မည့် ဝန်ထမ်းများအတွက် နံနက် ၀၅:၁၅ နာရီတွင် ပထမဆုံးရထား စတင်ထွက်ခွာမည်ဖြစ်သည်။

ရုံးပိတ်ရက်များ (စနေ-တနင်္ဂနွေ)မှာတော့ တစ်နေ့လျှင် ၄ ကြိမ် ပြေးဆွဲမည် (ရထားအမှတ် ၉၀၀၃ မှ ၉၀၀၆)။ အယုဒ္ဓယ ရှေးဟောင်းသမိုင်းဝင်နေရာများသို့ သွားရောက်လည်ပတ်မည့် ထိုင်းနှင့် နိုင်ငံတကာခရီးသွားများအတွက် နံနက် ၀၉:၀၅ နာရီတွင် ရထား စတင်ထွက်ခွာမည်ဖြစ်သည်။

စတင်ပြေးဆွဲသည့် ပထမ ၃ လအတွင်း အထူးသက်သာသော နှုန်းထားများ သတ်မှတ်ပေးထားသည်။

ကရွန်ထက်အဖိဝပ် ဗဟိုဘူတာမှ ဒွန်မောင်း၊ ရန်းဆစ် သို့မဟုတ် ခြလောင်ဖုဆာအထိ သွားရောက်ပါက တစ်ပြေးညီ ၃၀ ဘတ်ကျသင့်မှာဖြစ်ပြီး ဘန်ပရင်၊ ဘန်ဖိုး သို့မဟုတ် အယုဒ္ဓယ ဂိတ်ဆုံးအထိ သွားရောက်ပါက အမြင့်ဆုံးခနှုန်းထား ၅၀ ဘတ် သာ ကျသင့်မည်ဖြစ်သည်။

Source;Thaiger