ထိုင်းနိုင်ငံ၊ အူဒွန်းထာနီခရိုင် (Udon Thani) မှာ အသက် ၇၈ နှစ်အရွယ် လယ်သမားကြီးတစ်ဦး ကွယ်လွန်သွားပြီးနောက်၊ ၎င်းရဲ့ပစ္စည်းဟောင်းတွေ ရှင်းလင်းရာကနေ နှစ်ပေါင်းများစွာ လျှို့ဝှက်စုဆောင်းလာခဲ့တဲ့ ထိုင်းဘတ် ၁.၈၄ သန်း (မြန်မာငွေ သိန်း ၅၀၀ ကျော်) ကို သံကိရိယာပုံးဟောင်းတစ်ခုအတွင်း ဝှက်ထားတာကို မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိခဲ့လို့ မိသားစုဝင်တွေ တုန်လှုပ်အံ့ဩခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်) မှာ လူမှုကွန်ရက်ပေါ် ရေပန်းစားနေပါတယ်။
အူဒွန်းထာနီခရိုင်၊ နောင်တွမ်ကျေးရွာက အဖိုး အင်န် (In Saendong၊ ၇၈ နှစ်) သည် ဇွန်လ ၁၃ ရက်နေ့က ကွယ်လွန်သွားခဲ့ပြီးနောက်၊ သားသမီးများနှင့် ဆွေမျိုးများက အဖိုးအသုံးပြုခဲ့သည့် သံကိရိယာပုံးနှင့် ကိုယ်ရေးကိုယ်တာ သေတ္တာဟောင်းများကို ဖွင့်လှစ်ရှင်းလင်းရာမှ ၎င်းပုံးအတွင်း အသေအချာ ထည့်သွင်းဝှက်ထားသည့် ငွေသားထုပ်ကြီးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အသက် ၇၄ နှစ်အရွယ်ရှိပြီး အဖိုးနှင့် နှစ်ပေါင်း ၆၀ နီးပါး လက်တွဲခဲ့သည့် ဇနီးသည် အဖွားဒေါင်း (Daeng) က ၎င်း၏ခင်ပွန်းတွင် ဤမျှငွေအမြောက်အမြား ရှိနေသည်ကို တစ်သက်လုံး လုံးဝမသိခဲ့ကြောင်း၊ အဖိုးသည် အမြဲတမ်း ရိုးရိုးကူးကူး ချွေချွေတာတာ နေထိုင်လေ့ရှိပြီး အိမ်ကလူတွေကိုလည်း ၎င်းတွင် ငွေသိပ်မရှိကြောင်း အမြဲပြောလေ့ရှိသည်ဟု ဆိုသည်။
အဖိုးအင်န်သည် တစ်သက်လုံး လယ်ယာလုပ်ငန်းလုပ်ကိုင်ပြီး နွားနှင့် ကျွဲများကို မွေးမြူရောင်းချကာ ရရှိလာသည့် ငွေကြေးများနှင့် အမွေရရှိထားသည့် ပိုင်ဆိုင်မှုများကို တစ်ပြားတစ်ချပ်ချင်း သေချာစွာ စုဆောင်းခဲ့ခြင်း ဖြစ်သည်။
အသက် ၅၄ နှစ်အရွယ် သားကြီးဖြစ်သူ နာဗင် (Navin) က ၎င်းတို့၏ဖခင်သည် သားသမီးများကို အမြဲတမ်း အလုပ်ကြိုးစားရန်၊ အပိုအလျှံမသုံးဘဲ တတ်နိုင်သမျှ စုဆောင်းရန် အမြဲဆုံးမလေ့ရှိကြောင်းနှင့် ဖခင်ဖြစ်သူ၏ အံ့ဩစရာကောင်းလှသည့် ငွေကြေးစည်းကမ်း စုဆောင်းမှုအပေါ် မိသားစုတစ်ခုလုံးက အလွန်ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် အဆိုပါ တွေ့ရှိရသည့် ငွေသား ၁.၈၄ သန်းလုံးကို ဘဏ်အကောင့်ထဲသို့ စနစ်တကျ သွားရောက်အပ်နှံထားပြီးဖြစ်ကာ၊ အဖိုး၏ သားသမီး ၃ ဦးအတွက် အမွေအနှစ်အဖြစ် ခွဲဝေယူမည့်အပြင် အဓိကအားဖြင့် သက်ကြီးရွယ်အို မိခင်ဖြစ်သူကို နောင်ရေးအတွက် ကောင်းမွန်စွာ ပြုစုစောင့်ရှောက်မည့်နေရာတွင် အသုံးပြုသွားမည်ဟု သိရသည်။
Source;Khaosod
