အူဒွန်ဌာနီရှိ လူမနေသည့် နေအိမ်တစ်လုံး လျှပ်စစ်ဓာတ်အားခ ဘတ် ၅၀,၀၀၀ နီးပါး ပေးဆောင်ရန်ဖြစ်ပွား

ထိုင်းနိုင်ငံ၊ အူဒွန်ဌာနီ (Udon Thani) ခရိုင်ရှိ လူမနေဘဲ လစ်ဟာနေသည့် နေအိမ်တစ်လုံးတွင် ပုံမှန် တစ်လလျှင် ၂၆ ဘတ်ခန့်သာ ကျသင့်ရာမှ လျှပ်စစ်မီတာခ ဘတ် ၄၉,၆၈၁.၉၀ အထိ မတန်တဆ မြင့်တက်ခဲ့သဖြင့် ပြည်နယ် လျှပ်စစ်ဓာတ်အားပေး အာဏာပိုင်အဖွဲ့ (PEA) မှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ရာ တစ်လနီးပါးကြာ ဓာတ်အား ယိုစိမ့်မှု (Electricity Leak) ဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

ဘန်ကောက်တွင် နေထိုင်သည့် အသက် ၅၇ နှစ်အရွယ် အိမ်ပိုင်ရှင် အမျိုးသားသည် စက်တင်ဘာ ၃ ရက်နေ့၌ မီတာခ ဘတ် ၅၀,၀၀၀ နီးပါး ကျသင့်နေသည်ကို တွေ့ရှိခဲ့သဖြင့် အူဒွန်ဌာနီရှိ အဆိုပါ နေအိမ်သို့ သွားရောက်ကြည့်ရှုခဲ့ရာမှ အိမ်အတွင်း သူခိုးဝင်ရောက် ဖောက်ထွင်းခံထားရသည်ကို တွေ့ရှိခဲ့ရသည်။

အိမ်အတွင်းရှိ လျှပ်စစ်ဝါယာကြိုးများ၊ လေအေးပေးစက်များ၊ ရေမော်တာ၊ မြက်ရိတ်စက်နှင့် ပန်ကာ စသည့် တန်ဖိုးရှိ ပစ္စည်းများ ခိုးယူခံခဲ့ရသဖြင့် အူဒွန်ဌာနီ ရဲစခန်းတွင် တိုင်ကြားခဲ့သည်။

အဆိုပါ နေအိမ်မှာ မိခင်ဖြစ်သူ ကျန်းမာရေးကြောင့် ဘန်ကောက်သို့ ပြောင်းရွှေ့လာပြီးတည်းက နှစ်ပေါင်းများစွာ လူမနေဘဲ ပစ်ထားသည့် အိမ်ဖြစ်ပြီး လျှပ်စစ်လိုင်း မပြတ်စေရန် တစ်လလျှင် ၂၆ ဘတ်ခန့်သာ ပုံမှန် ပေးဆောင်ခဲ့ရသည်။ သူခိုးများ ဝါယာကြိုးများကို ဖြတ်တောက် ခိုးယူစဉ် ဓာတ်အားယိုစိမ့်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် မီတာခ ယခုကဲ့သို့ မြင့်တက်သွားခြင်း ဖြစ်နိုင်ကြောင်း အိမ်ပိုင်ရှင်က သံသယရှိနေသည်။

PEA အူဒွန်ဌာနီ ရုံးခွဲမှ ဒုတိယမန်နေဂျာ Niphaphat Jitkham က တိုင်ကြားစာရရှိပြီးနောက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး မီတာကို ဖြုတ်ယူ စစ်ဆေးခဲ့ရာ မီတာမှာ ပုံမှန်အတိုင်း အလုပ်လုပ်နေကြောင်း တွေ့ရှိရသည်။

ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၂၉ ရက်နေ့အထိ တစ်လနီးပါးကြာ ဓာတ်အားယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်း အကြမ်းဖျင်း အတည်ပြုနိုင်ခဲ့သော်လည်း အသေးစိတ် အကြောင်းအရင်းကိုမူ ဆက်လက် စိစစ်နေဆဲ ဖြစ်သည်။

: PEA အနေဖြင့် အသေးစိတ် အကြောင်းအရင်း ပေါ်ပေါက်ပါက အိမ်ပိုင်ရှင်နှင့် တွေ့ဆုံကာ မီတာခ ကိစ္စ အဆင်ပြေစေရန် ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တစ်ဖက်တွင်လည်း ရဲတပ်ဖွဲ့က အဆိုပါ အိမ်အား ဖောက်ထွင်းခိုးယူသွားသည့် သူခိုးများကို လက်ဗွေနှင့် CCTV မှတ်တမ်းများမှတစ်ဆင့် စုံစမ်းဖော်ထုတ်လျက် ရှိသည်။

Source;Thaiger