ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် မြန်မာနိုင်ငံသို့ မှောင်ခိုပို့ဆောင်ရန် ပြင်ဆင်နေသည့် စွမ်းဆောင်ရည်မြင့် FPV ဒရုန်းများနှင့် ဆက်စပ်ပစ္စည်းများကို ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) နှင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသား ၁ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ် မင်းနီကျော် အမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးကို မဲဆောက်မြို့ရှိ စားသောက်ဆိုင်၌ ပါဆယ်ထုတ်များ လာရောက်ယူဆောင်စဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
တပ်ဆင်ပြီး FPV ဒရုန်း ၄ စီး၊ ဒရုန်းဘောင် ၇ စုံ အပါအဝင် မော်တာ၊ ကင်မရာ၊ အချက်ပြတိုင်စသည့် အပိုပစ္စည်း စုစုပေါင်း ၁၆ မျိုး ကို သိမ်းဆည်းရမိခဲ့သည်။ တရားခံ၏ အခန်းကို ဆက်လက်ရှာဖွေရာတွင်လည်း ဒရုန်းအစိတ်အပိုင်း ပါဆယ် ၁ ဗူး ထပ်မံတွေ့ရှိခဲ့သည်။
ချင်းမိုင်မှ အမြန်ချောပို့ဖြင့် ရောက်ရှိလာသည့် အဆိုပါ ဒရုန်းများမှာ သာမန်ဒရုန်းများထက် အရှိန်နှင့် အချက်ပြစနစ် ပိုမိုမြင့်မားသည့် အမျိုးအစားများဖြစ်သည်။ တရားခံက ပစ္စည်းလာထုတ်ပေးရုံသာ ဖြစ်ကြောင်း ငြင်းဆိုသော်လည်း အကောက်ခွန်ဥပဒေဖြင့် မဲဆောက်ရဲစခန်း၌ အမှုဖွင့်ထားသည်။
Source;ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี
