အွန်လိုင်းကျားဖြန့်ဂိုဏ်းတွေရဲ့ သင့်ဆီက ခိုးယူလှည့်စားလေ့ရှိတဲ့ စိတ်ပညာထောင်ချောက် (၄) ခု

အွန်လိုင်းလိမ်လည်ဂိုဏ်း (ကျားဖြန့်) တွေဟာ လူတွေရဲ့ ငွေကြေးကို မခိုးယူခင် “စိတ်ဓာတ်နဲ့ ခံစားချက်” တွေကို စနစ်တကျ အရင်ဆုံး ခိုးယူလှည့်စားလေ့ရှိကြပါတယ်။ ဒါဟာ သာမန်လိမ်လည်မှု မဟုတ်ဘဲ လူတွေရဲ့ စိတ်ပညာအားနည်းချက်ကို အကွက်ကျကျ တိုက်ခိုက်တာဖြစ်ပါတယ်။

ကျားဖြန့်ဂိုဏ်းတွေ ဘယ်လို စိတ်ဓာတ်ရေးရာ လှည့်ကွက်တွေကို အသုံးချပြီး ထောင်ချောက်ဆင်လေ့ရှိသလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁။ အထိတ်တလန့်ဖြစ်အောင် လုပ်ခြင်း (Create Fear & Panic) 

“ရှင့်ဘဏ်အကောင့် မူးယစ်ဆေးမှုနဲ့ ငြိနေပြီ” ၊ “ရဲက အမှုဖွင့်လိုက်ပြီ၊ ခဏနေ လာဖမ်းတော့မယ်” စတဲ့ ခြိမ်းခြောက်မှုမျိုးတွေနဲ့ လူကို အသိစိတ် လွတ်သွားအောင် လုပ်လေ့ရှိပါတယ်။ ရုတ်တရက် ထိတ်လန့်သွားတဲ့အခါ စေတနာရှင်/ရဲအတုတွေအဖြစ် ဟန်ဆောင်ထားသူတွေဆီ စိတ်လောပြီး ငွေလွှဲမိသွားကြပါတယ်။

၂။ လောဘနဲ့ မျှော်လင့်ချက်ကို ဆွဲဆောင်ခြင်း (Exploit Greed & Hope)

“အိမ်မှာနေရင်း တစ်ရက်ကို သိန်းဂဏန်း ဝင်ငွေရမယ်” ၊ “နည်းနည်းရင်းပြီး အများကြီး မြတ်မယ်” ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှု အတုအယောင်တွေနဲ့ ဆွဲဆောင်တာပါ။ အစပိုင်းမှာ အမြတ်နည်းနည်း ပေးပြီး ယုံကြည်အောင် လုပ်ထားပြီးမှ ပမာဏအများကြီး ပါသွားအောင် ထောင်ချောက်ဆင်ကြတာ ဖြစ်ပါတယ်။

၃။ ချစ်ခြင်း/သနားခြင်းနဲ့ ယုံကြည်မှု တည်ဆောက်ခြင်း (Romance & Pig Butchering Scam) 

အွန်လိုင်းကနေ အချစ်ရေးလိုမျိုး ရင်းနှီးအောင် လပေါင်းများစွာ အချိန်ယူ တည်ဆောက်ပါတယ်။ အပြည့်အဝ ယုံကြည်သွားပြီဆိုမှ အကျပ်အတည်းကြုံနေရလို့ သနားစရာ ပုံစံဖန်တီးတာ၊ ဒါမှမဟုတ် နှစ်ယောက်တူတူ စီးပွားရေးလုပ်ရအောင်ဆိုပြီး ငွေလိမ်ယူတာမျိုး ပြုလုပ်ကြပါတယ်။

၄။ စဉ်းစားချိန် မပေးဘဲ အလောတကြီး လုပ်ခိုင်းခြင်း (Sense of Urgency) 

ဒါကတော့ သူတို့ရဲ့ အန္တရာယ်အရှိဆုံး နည်းလမ်းပါ။ ဘာမှ သေချာစဉ်းစားချိန်၊ မိသားစုနဲ့ တိုင်ပင်ချိန် မရအောင် “ခုချက်ချင်း မလွှဲရင် အကောင့်ပိတ်မယ်” သို့မဟုတ် “အခွင့်အရေး ကုန်သွားမယ်” ဆိုပြီး အလျင်စလို ဆုံးဖြတ်ခိုင်းတာ ဖြစ်ပါတယ်။

ကျားဖြန့်ထောင်ချောက်မှ ကင်းဝေးစေရန် စည်းမျဉ်း (၃) ချက်

1.ခဏရပ်တန့်ပါ (Stop): ဘယ်လောက်ပဲ အရေးကြီးတယ်ပြောပြော အလောတကြီး မလုပ်ပါနဲ့။ ခဏရပ်ပြီး အေးအေးဆေးဆေး စဉ်းစားပါ။

2.ပြန်လည်စစ်ဆေးပါ (Check): သက်ဆိုင်ရာ ဘဏ်၊ ဌာန သို့မဟုတ် မိသားစု/မိတ်ဆွေတွေကို တိုက်ရိုက်ဖုန်းဆက်ပြီး သေချာ စုံစမ်းပါ။

3.သတင်းအချက်အလက် မပေးပါနဲ့ (Protect): လျှို့ဝှက်နံပါတ်၊ OTP နဲ့ ကိုယ်ရေးအချက်အလက်များကို မည်သူ့ကိုမျှ မမျှဝေပါနဲ့။

မိမိနှင့်တကွ ပတ်ဝန်းကျင်မှ ချစ်ခင်ရသူများ အွန်လိုင်းလိမ်လည်မှုမှ ကင်းဝေးစေရန် ဒီ Post လေးကို Share ပြီး သတိပေးလိုက်ပါဦးခင်ဗျ