ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင် ၄၂ နှစ်အကြာတွင် သမိုင်းဝင် သေမင်းတမန်ရထားလမ်း အစိတ်အပိုင်းများ ပြန်လည်ပေါ်ထွက်လာ

ဒီထူးခြားတဲ့ဖြစ်စဉ်ဟာ ကန်ချနာဘူရီခရိုင်၊ ဆောင်ခလာဘူရီ (Sangkhlaburi) မြို့နယ်ရှိ ရန်တီ (Rantee) မြစ်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဝိဇယလောင်ကွန်း (Vajiralongkorn) ဆည်က ရေတွေကို ပြုပြင်ထိန်းသိမ်းဖို့အတွက် လွှတ်ချလိုက်ရာကနေ ပေါ်လာတာ ဖြစ်ပါတယ်။

ရန်တီတံတားကနေ ဆောင်ခလာဘူရီ လမ်းဆုံအထိ ၈ ကီလိုမီတာခန့် ရှည်လျားတဲ့ ရထားလမ်းဟောင်းရဲ့ အကြွင်းအကျန်တွေကို တွေ့ရှိခဲ့တာပါ။ အကျယ် ၄ မီတာရှိတဲ့ ကျောက်စရစ်လမ်းခင်းထားတဲ့ လမ်းဟောင်းနဲ့ ရေနွေးငွေ့သုံး ရထားခေါင်းတွဲတွေအတွက် ရေဖြည့်ပေးခဲ့တဲ့ ၁၀ မီတာပတ်လည် ကွန်ကရစ်ရေကန်ကြီးတစ်ခုကိုပါ တွေ့ရပါတယ်။

Photo – Khaosod

၁၉၈၄ ခုနှစ်မှာ ဆည်တည်ဆောက်ပြီးကတည်းက ဒီအစိတ်အပိုင်းတွေဟာ ရေအောက်မှာ နှစ်ပေါင်းများစွာ မြုပ်နေခဲ့တာဖြစ်ပြီး အခုမှ ပထမဆုံးအကြိမ် ပြန်မြင်ရတာ ဖြစ်ပါတယ်။ အခုလို မြင်တွေ့နိုင်တဲ့ အခြေအနေဟာ ရေမျက်နှာပြင် အတက်အကျပေါ် မူတည်ပြီး ဧပြီလကနေ ဇွန်လအထိ သုံးလတာကာလအတွင်းမှာပဲ ရှိနိုင်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ဒီရထားလမ်းကို ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ကနေ ၁၉၄၃ အတွင်း ဂျပန်တပ်မတော်က ထိုင်းနဲ့ မြန်မာကို ဆက်သွယ်ဖို့ မဟာဗျူဟာမြောက် ထောက်ပံ့ရေးလမ်းကြောင်းအဖြစ် အတင်းအဓမ္မ စေခိုင်းခံရတဲ့ စစ်သုံ့ပန်းတွေနဲ့ အာရှလုပ်သားတွေကို သုံးပြီး တည်ဆောက်ခဲ့တာပါ။ ဒီရထားလမ်းတည်ဆောက်စဉ်မှာ ကြမ်းတမ်းတဲ့ အခြေအနေတွေ၊ ရောဂါဘယနဲ့ အာဟာရချို့တဲ့မှုတွေကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရလို့ “သေမင်းတမန်ရထားလမ်း” လို့ အမည်တွင်ခဲ့တာဖြစ်ပြီး အခုပေါ်ထွက်လာမှုဟာ စစ်ပွဲရဲ့ ဆိုးကျိုးတွေကို ပြန်လည်သတိရစေတဲ့ အထိမ်းအမှတ်တစ်ခု ဖြစ်ပါတယ်။

Source;Khaosod