ပတ္တရား Walking Street တွင် နိုင်ငံခြားသားများ မီးသတ်ဆေးဘူးဖြင့် လျှောက်ဖြန်း၍ နှောင့်ယှက်

ဒီကနေ့ မနက်အစောပိုင်း ၅ နာရီခန့်မှာ လူမှုကွန်ရက်ပေါ် ပြန့်နှံ့လာတဲ့ ဗီဒီယိုဖိုင်တစ်ခုကြောင့် ဝေဖန်မှုတွေ အပြင်းအထန် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ယနေ့မနက် ၄ နာရီခန့်၊ ပတ္တရားတောင်ပိုင်းရှိ Walking Street မှာ ဖျော်ဖြေရေးဆိုင်တွေ ပိတ်ချိန်မှာ နိုင်ငံခြားသား အမျိုးသားနှစ်ဦးက မီးသတ်ဆေးဘူးကိုယူပြီး သင်္ကြန်ရေပက်သလိုမျိုး လေထဲနဲ့ လမ်းမပေါ်ကို လျှောက်ဖြန်းခဲ့ကြတာပါ။ မီးသတ်ဆေးမှုန့် (Chemical Powder) တွေဟာ လမ်းမပေါ်၊ ဆိုင်ခန်းတွေနဲ့ ဆိုင်ကယ်တွေပေါ်မှာ ဖုံးလွှမ်းသွားခဲ့ပြီး အနီးအနားက ခရီးသွားတွေလည်း ဘေးလွတ်ရာကို ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြရပါတယ်။

ဆိုင်ကယ်တက္ကစီသမားတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေက ဝိုင်းဝန်းတားဆီးခဲ့ပေမဲ့ အချိန်မီ မတားနိုင်ခဲ့ဘဲ၊ နိုင်ငံခြားသားတစ်ဦးက တားဆီးသူကို တွန်းထိုးပြီး ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။အခင်းဖြစ်ပွားပြီးနောက် လမ်းမပေါ်နဲ့ ဆိုင်ပြတင်းပေါက်တွေမှာ ဓာတုမှုန့်တွေ ကျန်ရှိနေခဲ့ပေမဲ့ ကံကောင်းစွာနဲ့ ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။ အဆိုပါ မီးသတ်ဆေးဘူးကို ဘယ်ကနေ ရလာသလဲဆိုတာကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

သီးခြားဖြစ်စဉ်တစ်ခုမှာလည်း တခြားနိုင်ငံခြားသားတစ်ဦးက သင်္ကြန်ကာလအတွင်း အမျိုးသမီးတွေရဲ့ မျက်နှာနဲ့ ရင်ဘတ်တွေကို ရေနဲ့ ရည်ရွယ်ချက်ရှိရှိ ပက်တာ၊ ရေခဲနဲ့ပေါက်တာ၊ တံတွေးနဲ့ထွေးတာ စတဲ့ မသင့်တော်တဲ့ အပြုအမူတွေ လုပ်ဆောင်ခဲ့တာကြောင့် ဝေဖန်ခံနေရပါတယ်။

Source;Thaiger