ဘန်ကောက်မြို့၊ ဆူခွန်ဗစ်ရှိ KFC ဆိုင်ထဲသို့ BMW ဝင်တိုက်၊ လူ ၁၂ ဦး ဒဏ်ရာရ

ဒီဖြစ်ရပ်ဟာ ည ၇ နာရီ ၅၀ မိနစ်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖရာခနောင် (Phra Khanong) ရဲစခန်းနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက အချိန်မီ သွားရောက်ကူညီခဲ့ကြပါတယ်။

အိုသေရောင် (Bronze-grey) BMW ကားတစ်စီးဟာ ဆီဆိုင်ဝင်းအတွင်းက KFC ဆိုင်ထဲကို အရှိန်နဲ့ ဝင်တိုက်ခဲ့တာဖြစ်ပြီး ဆိုင်ရဲ့ မှန်ချပ်တွေ၊ စားပွဲ၊ ကုလားထိုင်နဲ့ ကောင်တာတွေအားလုံး ပြင်းထန်စွာ ပျက်စီးသွားခဲ့ပါတယ်။ ကားမောင်းသူ တရုတ်နိုင်ငံသားအပြင်၊ အစားအသောက်စောင့်နေတဲ့ Delivery Riders တွေ၊ ဖောက်သည်တွေနဲ့ ဆိုင်ဝန်ထမ်းတွေ စုစုပေါင်း ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ အားလုံးဟာ စိုးရိမ်ရတဲ့အခြေအနေမှာ မရှိဘူးလို့ သိရပါတယ်။ 

BMW ကားဟာ KFC ဆိုင်ထဲမဝင်ခင်မှာ ဆီဖြည့်ဖို့စောင့်နေတဲ့ Toyota Camry ကားတစ်စီးကိုလည်း အရင်ဝင်တိုက်ခဲ့ပါသေးတယ်။ အဲဒီနောက်မှ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ထဲကို ထိုးဝင်သွားတာ ဖြစ်ပါတယ်။ BMW မောင်းနှင်သူမှာ အသက် ၄၇ နှစ်အရွယ် မစ္စတာ ချန် (Mr. Chen) အမည်ရှိ တရုတ်နိုင်ငံသားတစ်ဦး ဖြစ်ပါတယ်။ လက်ရှိမှာ ရဲတပ်ဖွဲ့က ကားမောင်းသူနဲ့ သက်သေတွေကို စစ်ဆေးမေးမြန်းနေသလို၊ မတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်းအမှန်ကို သိရှိနိုင်ဖို့အတွက် ပတ်ဝန်းကျင်က CCTV မှတ်တမ်းတွေကိုပါ ပြန်လည်စစ်ဆေးနေပါတယ်။

Source;The Nation