ထိုင်း Land Bridge စီမံကိန်းကို ကန့်ကွက်သည့် လက်မှတ် ၁ သိန်းကျော်ရရှိ

ထိုင်းနိုင်ငံတောင်ပိုင်း စီးပွားရေးစင်္ကြံ (SEC) ဥပဒေကြမ်းနှင့် Land Bridge စီမံကိန်းတို့သည် ပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ် ဆိုးကျိုးများ သက်ရောက်နိုင်သည်ဟုဆိုကာ EnLAW Foundation၊ Greenpeace နှင့် Beach For Life စသည့် NGO အဖွဲ့အစည်းများက ဦးဆောင်၍ ကန့်ကွက်နေကြခြင်း ဖြစ်ပါတယ်။

ယနေ့မနက် ၇ နာရီကျော်အထိ စုစုပေါင်းလက်မှတ် ၁၀၇,၀၈၃ ခု ရရှိထားပါတယ်။ ၎င်းတွင် တစ်ဦးချင်း လက်မှတ်ရေးထိုးသူ ၁၀၆,၅၈၂ ဦးနှင့် အဖွဲ့အစည်း ၅၀၁ ခု ပါဝင်ပါတယ်။ “STOP SEC ACT & LAND BRIDGE” ဟူသော ခေါင်းစဉ်ဖြင့် အထူးအခွင့်အရေးပေးထားသည့် ဥပဒေများကို ရပ်တန့်ရန်နှင့် စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုမှာ ထိုက်တန်မှု ရှိ၊ မရှိကို အစိုးရအနေဖြင့် ပြန်လည်သုံးသပ်ရန် တောင်းဆိုထားပါတယ်။ 

အဆိုပါ လက်မှတ်ရေးထိုးပွဲကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက် အထိ ဆက်လက်ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။ မူလရည်မှန်းချက်မှာ လက်မှတ် ၅၀,၀၀၀ သာဖြစ်သော်လည်း ယခုအခါ ရည်မှန်းချက်ထက် နှစ်ဆကျော် ရရှိနေပြီဖြစ်ပါတယ်။

ဒီ Land Bridge စီမံကိန်းဆိုတာက ထိုင်းနိုင်ငံတောင်ပိုင်းက ရနောင်း (Ranong) နဲ့ ချွန်ဖွန် (Chumphon) ကို ရထားလမ်း၊ ကားလမ်းတွေနဲ့ ဆက်သွယ်ပြီး မုတ္တမကွေ့နဲ့ ထိုင်းပင်လယ်ကွေ့ကို ချိတ်ဆက်မယ့် စီမံကိန်းကြီးပါဗျာ။ အစိုးရကတော့ ဒါဟာ မလက္ကာရေလက်ကြားကို အစားထိုးနိုင်မယ့် ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းသစ်ကြီးဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။

ဒါပေမဲ့ ဒေသခံတွေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ စိုးရိမ်နေတာကတော့ ဒီလောက်များပြားတဲ့ ရင်းနှီးမြှုပ်နှံမှုက တကယ်ရော အကျိုးအမြတ်ရှိမှာလား? ပင်လယ်ကမ်းခြေတွေနဲ့ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးသွားရင် ဒေသခံတွေရဲ့ ရေလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းတွေ ဘာဖြစ်ကုန်မလဲ? ဆိုတဲ့ အချက်တွေပါပဲ။

Source;ThaiPBS World