အနောက်တောင်ဘက်မှ တိုက်ခတ်လာသော လေစီးကြောင်းများကြောင့် အထက်ပိုင်းဒေသတွေမှာ မိုးခြိမ်းခြင်း၊ လေပြင်းတိုက်ခြင်းများ ဖြစ်ပေါ်နိုင်သလို၊ တောင်ပိုင်းဒေသတွေမှာလည်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါတယ်ဗျ။
ဒေသအလိုက် ခန့်မှန်းချက်များ (ယနေ့ နံနက် ၆ နာရီမှ နောက်နေ့ နံနက် ၆ နာရီအထိ)
▪️ဘန်ကောက်နှင့် အနီးတစ်ဝိုက်: ဧရိယာ၏ ၆၀% တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ပါတယ်။ အပူချိန်မှာ ၂၅-၃၇ ဒီဂရီစဲလ်စီးယပ်စ်အတွင်း ရှိပါမယ်။
▪️မြောက်ပိုင်း: နေရာကွက်ကျား မိုးကြီးနိုင်ပြီး ဧရိယာ၏ ၇၀% တွင် မိုးရွာနိုင်ပါတယ်။ မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်နဲ့ တာ့ခ်ခရိုင်တွေမှာ အဓိက သတိထားရပါမယ်။
▪️အရှေ့မြောက်ပိုင်း (Isan): ဧရိယာ၏ ၆၀% တွင် မိုးရွာနိုင်ပြီး လိုယီ၊ နောင်ခိုင်၊ ဥဒုံဌာနီနဲ့ ကိုရတ် (Nakhon Ratchasima) တို့မှာ မိုးကြီးနိုင်ပါတယ်။
▪️အလယ်ပိုင်း: ကန်ချနဘူရီနဲ့ ရာ့တ်ချ်ဘူရီတို့မှာ မိုးကြီးနိုင်ပြီး ဧရိယာ၏ ၆၀% တွင် မိုးခြိမ်းရွာနိုင်ပါတယ်။
▪️အရှေ့ပိုင်း: ချောင်ဘူရီ (ပတ္တရား)၊ ရယောင်း၊ ကျန်ထဘူရီတို့မှာ မိုးကြီးနိုင်ပြီး ပင်လယ်လှိုင်းအမြင့် ၁ မီတာကျော် ရှိနိုင်ပါတယ်။
▪️တောင်ပိုင်း (အနောက်ဘက်ကမ်းရိုးတန်း): ရနောင်း၊ ဖူးခက်၊ ခရာဘီနဲ့ ထရန်တို့မှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ဧရိယာ၏ ၇၀% မှာ မိုးရွာပါမယ်။ အန်ဒမန်ပင်လယ် အတွင်း လှိုင်းအမြင့် ၂ မီတာကျော်အထိ ရှိနိုင်ပါတယ်။

သတိပြုရန်နှင့် ကြိုတင်ပြင်ဆင်ရန်
၁။ ရေဘေးအန္တရာယ်: တောင်ကုန်းခြေရင်းဒေသများနှင့် မြစ်ချောင်းအနီး နေထိုင်သူများအနေဖြင့် ရုတ်တရက်ရေကြီးခြင်း (Flash Flood) နှင့် တောင်ကျရေလျှံခြင်းတို့ကို အထူးဂရုစိုက်ကြပါဦး။
၂။ စိုက်ပျိုးရေး: တောင်သူများအနေဖြင့် လေပြင်းဒဏ်ကြောင့် သီးနှံပင်များနှင့် သစ်သီးပင်များ ပျက်စီးမှုမရှိအောင် အထောက်အကူများ ပြုလုပ်ထားပြီး၊ တိရစ္ဆာန်များကိုလည်း ဘေးကင်းရာသို့ ရွှေ့ပြောင်းထားသင့်ပါတယ်။
၃။ ရေကြောင်းသွားလာရေး: အန်ဒမန်ပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့အတွင်း သွားလာနေတဲ့ လှေငယ်များအနေနဲ့ မိုးသက်လေပြင်းကျချိန်မှာ ပင်လယ်ပြင်ထွက်ခြင်းကို ရှောင်ကြဉ်ကြဖို့ တိုက်တွန်းထားပါတယ်။
၄။ ကျန်းမာရေး: ရာသီဥတု အပြောင်းအလဲ မြန်နေတာကြောင့် အအေးမိ၊ ဖျားနာခြင်းများ မဖြစ်အောင် ဂရုစိုက်ကြပါခင်ဗျာ။
Source;The Nation
