နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေးကာလအတွင်း ကျူးလွန်ခဲ့မှုများဖြင့် ဖမ်းဝရမ်းထုတ်ထားသည့် အထက်လွှတ်တော်အမတ် Ronald “Bato” Dela Rosa သည် လွှတ်တော်အဆောက်အအုံအတွင်း ခိုလှုံနေစဉ် ယခုဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ညပိုင်းတွင် သေနတ်သံ အနည်းဆုံး ၅ ချက်ခန့် ထွက်ပေါ်ခဲ့ပြီး၊ လက်နက်ကိုင် စစ်သားများ အဆောက်အအုံအတွင်း ဝင်ရောက်လာပြီးနောက် မိနစ်ပိုင်းအကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီး Juanito Victor Remulla ၏ ပြောကြားချက်အရ သေဆုံး/ဒဏ်ရာရသူ မရှိကြောင်းနှင့် သေနတ်သမားကို လိုက်လံရှာဖွေနေဆဲဖြစ်ကြောင်း သိရပါတယ်။

လွှတ်တော်အမတ် Dela Rosa သည် လုံခြုံဘေးကင်းစွာ ရှိနေပြီး၊ ၎င်းအား ဖမ်းဆီးရန် ဝရမ်းအတည်ပြုချက် မရှိသေးကြောင်း အာဏာပိုင်များက အာမခံထားပါတယ်။ Dela Rosa (ခေါ်) “Bato” သည် သမ္မတဟောင်း ဒူတာတေး လက်ထက် ၂၀၁၆-၂၀၁၈ ကာလအတွင်း ရဲချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး၊ လူပေါင်းထောင်ချီ သေဆုံးခဲ့သည့် မူးယစ်စစ်ဆင်ရေးတွင် ပါဝင်ပတ်သက်မှုဖြင့် ICC က အလိုရှိနေသူ ဖြစ်ပါတယ်။ သမ္မတဟောင်း ဒူတာတေးမှာမူ ပြီးခဲ့သည့်နှစ် မတ်လကတည်းက ဖမ်းဆီးခံရပြီး နယ်သာလန်နိုင်ငံ၊ သည်ဟိဂ် (The Hague) တွင် တရားရင်ဆိုင်နေရပါတယ်။
Dela Rosa က ၎င်းကို နိုင်ငံခြားသားများလက်သို့ အပ်နှံခြင်း မပြုရန်နှင့် ၎င်းဘက်မှ ရပ်တည်ပေးရန် ဖိလစ်ပိုင်စစ်တပ်ကို တိုက်တွန်းပြောကြားထားပါတယ်။ဖိလစ်ပိုင် တရားရုံးချုပ်က Dela Rosa အား ICC လက်သို့ အပ်နှံခြင်း မပြုရန် တင်ပြထားသည့် အသနားခံစာအပေါ် ၃ ရက်အတွင်း အကြောင်းပြန်ရန် အစိုးရကို အမိန့်ထုတ်ထားပါတယ်။လွှတ်တော်ဥက္ကဋ္ဌ Alan Peter Cayetano က ယခုကဲ့သို့ လွှတ်တော်အတွင်း တိုက်ခိုက်ခံရမှုအပေါ် စိုးရိမ်ကြောင်းနှင့် အားလုံး ဘေးလွတ်ရာတွင် ပုန်းအောင်းနေရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Source;Bangkok Post
