ကန်ချနဘူရီမှာ ကြေကွဲဖွယ်ရာဖြစ်စဉ် – တောဆင်ရိုင်းကို တိုက်မိပြီး ကားမီးလောင်ကျွမ်းမှုဖြစ်ပွား၊ အသက် ၇၀ အရွယ် အဘိုးအိုတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ အနောက်ပိုင်း ကန်ချနပူရီ (Kanchanaburi) ခရိုင်အတွင်းရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် တောဆင်ရိုင်းတစ်ကောင်ကို ကားဖြင့် အရှိန်ပြင်းစွာ တိုက်မိပြီးနောက် မီးလောင်ကျွမ်းခဲ့ရာ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး ကားအတွင်း ပိတ်မိကာ သေဆုံးသွားပြီး အခြားခရီးသည် ၂ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက် (ဗုဒ္ဓဟူးနေ့) တွင် ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်ဗျာ။

လတ်ယာ (Latya) ရဲစခန်း၏ စုံစမ်းစစ်ဆေးရေးရဲအရာရှိများ၏ အဆိုအရ မတော်တဆမှုသည် ပြီးခဲ့သည့် မေလ ၁၉ ရက် (အင်္ဂါနေ့) ည ၉:၀၀ နာရီခန့် က ကန်ချနပူရီမြို့နယ်၊ ဝမ်ဒေါင်း (Wang Dong) ဆပ်ဒီစတြစ်၊ မူး ၉ ရှိ အဝေးပြေးလမ်းမကြီး ၃၂၃ (Highway 323) ပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

၎င်းလမ်းပိုင်းတွင် လမ်းမီးတိုင်များစွာ ရှိသော်လည်း မတော်တဆမှုဖြစ်ပွားသည့် နေရာသည် အလွန်မှောင်မည်းနေခဲ့ပါတယ်။ အသက် ၆၄ နှစ်အရွယ် မောင်ချန်း (Charn) မောင်းနှင်လာသည့် တိုယိုတာ ကိုရိုလာ (Toyota Corolla) အမျိုးအစား ကားသည် ဆိုင်ယုခ် (Sai Yok) မြို့နယ်ဘက်မှ ကန်ချနပူရီမြို့တွင်းသို့ မောင်းနှင်လာစဉ် လမ်းပေါ်သို့ ရုတ်တရက် တက်လာသည့် တောဆင်ရိုင်းကို အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့ခြင်း ဖြစ်ပါတယ်။

ကားအရှေ့ခန်း ဘေးထိုင်ခုံတွင် လိုက်ပါလာသည့် အသက် ၇၀ အရွယ် ခွန်ချူကိယတ် (Chukiat) မှာ ကားအတွင်း ညပ်ပြီး မီးလောင်ကျွမ်းကာ အခင်းဖြစ်နေရာမှာပင် သေဆုံးသွားခဲ့ပါတယ်။ ကားမောင်းသူ ခွန်ချန်း (အသက် ၆၄ နှစ်) နှင့် နောက်ခန်းတွင် လိုက်ပါလာသူ ခွန်စုဖာနတ် (Supanutt – အသက် ၇၄ နှစ်) တို့ ၂ ဦးမှာ ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ထားရပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုများအရ အဆိုပါဆင်သည် အနီးနားရှိ ဆာလပ်ပရာ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော (Salakpra Wildlife Sanctuary) မှ အစာရှာဖွေရန် ထွက်လာခြင်း ဖြစ်ကြောင်း သိရပါတယ်။ကားတစ်စီးလုံး ပျက်စီးသွားခဲ့သော်လည်း တိုက်မိပြီးနောက် ထွက်ပြေးသွားသည့် ဆင်ရိုင်း၏ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုမူ ဆာလပ်ပရာ ဘေးမဲ့တော တာဝန်ရှိသူများက ဆက်လက်ခြေရာခံ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

Source;Khaosod