သာသနာ့နယ်မြေအတွင်း ခိုးမှု – နောင်ခိုင်မြို့ ဘုရားဆင်းတုတော်၏ ရွှေချဦးစွန်းတော်အား ခိုးယူသွားသည်ဟု သံသယရှိသူ ရဟန်းတစ်ပါးကို ဝရမ်းဖြင့် လိုက်လံဖမ်းဆီး

ထိုင်းနိုင်ငံမြောက်ပိုင်း၊ နောင်ခိုင်ခရိုင် (Nong Khai) ရှိ ဟိုင်းဆောက်ဘုန်းတော်ကြီးကျောင်း (Hai Sok Temple) ၏ သိမ်တော်အတွင်းရှိ အဓိကဘုရားဆင်းတုတော်ကြီးမှ ရွှေချထားသော ဦးသျှောင်တော် (Gold-plated top knot) ကို ခိုးယူသွားသည်ဟု သံသယရှိရသည့် ရဟန်းတစ်ပါးကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်ဗျာ။

ဤဖြစ်စဉ်သည် ပြီးခဲ့သည့် မေလ ၁၉ ရက် (အင်္ဂါနေ့) က ဘုရားဖူးလာသူတစ်ဦးက ဆင်းတုတော်ကြီးတွင် ဦးသျှောင်တော် ပျောက်ဆုံးနေသည်ကို စတင်သတိပြုမိရာမှ ကျောင်းဂေါပကအဖွဲ့ကို အကြောင်းကြားပြီး ရဲစခန်းတွင် တိုင်ချက်ဖွင့်ခဲ့ခြင်း ဖြစ်ပါတယ်။

သတင်းရရှိပြီးနောက် မှုခင်းဆေးပညာဌာနမှ အရာရှိများက သိမ်တော်အတွင်းနှင့် ဘုရားဆင်းတုတော်ကြီး၏ ဦးခေါင်းတော်ပိုင်းတွင် ကျန်ရှိနေသည့် လက်ဗွေရာများကို လိုက်လံစစ်ဆေးခဲ့ပါတယ်။ ထို့နောက် ကျောင်းတိုက်အတွင်းရှိ ရဟန်းသံဃာများ၊ ကိုရင်များနှင့် ကျောင်းအလုပ်သမားအားလုံးကို ခေါ်ယူကာ လက်ဗွေရာ နှိုင်းယှဉ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။

ထိုသို့ စစ်ဆေးချိန်တွင် လွန်ခဲ့သည့် ၆ လခန့်ကမှ အဆိုပါကျောင်း၌ ရဟန်းဝတ်ခဲ့သည့် “အရှင်မာရုသ်” (Marut) ဆိုသော ရဟန်းတစ်ပါးသည် လက်ဗွေရာလာရောက်အစစ်ခံခြင်းမရှိဘဲ ကျောင်းရှိ ပစ်ကပ်ကားတစ်စီးကို မောင်းနှင်ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့တာကို တွေ့ရှိရပါတယ်။ နောက်ပိုင်းတွင် ၎င်းမောင်းနှင်သွားသည့် ကားကို ခရိုင်ကားဂိတ်တစ်ခုတွင် စွန့်ပစ်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့ရပါတယ်ဗျာ။

နောင်ခိုင်ခရိုင်ရဲတပ်ဖွဲ့သည် ဖမ်းဝရမ်းထုတ်ကာ လိုက်လံရှာဖွေခဲ့ရာ အဆိုပါထွက်ပြေးသွားသည့် ရဟန်းကို ကီလိုမီတာ ရာပေါင်းများစွာဝေးကွာသော နခွန်ရက်ချာစီမာခရိုင် (Nakhon Ratchasima – ကိုရတ်)၊ ဆီခီယိုဒေသ (Sikhio District) ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် သွားရောက်ပုန်းအောင်းနေစဉ် မေလ ၂၂ ရက် (သောကြာနေ့) က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။အရှင်မာရုသ်က ၎င်းအနေဖြင့် ဘုရားဦးသျှောင်တော်ကို ခိုးယူခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားသော်လည်း၊ ကျောင်းရှိမော်တော်ယာဉ်ကို ကားဂိတ်အထိ မောင်းနှင်ထွက်ပြေးခဲ့သည်မှာ မှန်ကန်ကြောင်း ဝန်ခံထားပါတယ်။

ရဲတပ်ဖွဲ့က ၎င်း၏ ဘဏ်အကောင့်ကို စစ်ဆေးခဲ့ရာတွင် သံသယဖြစ်ဖွယ် ဘတ် ၁၅၀,၀၀0ခန့် (မြန်မာငွေ သိန်း ၁၅၀ ကျော်ခန့်) ငွေသားဝင်ရောက်ထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းခိုးယူရောင်းချထားသည့် ငွေကြေးဖြစ်နိုင်ခြေရှိမရှိကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်ဗျာ။

Source;ThaiPBSWorld