ကန့်သတ်ချက်သစ်များကြားက ဆေးခြောက်ဈေးကွက် – ထိုင်းအစိုးရ၏ ဥပဒေအသစ်များက ဆေးခြောက်လုပ်ငန်းအပေါ် ရိုက်ခတ်မှု အနည်းငယ်သာရှိပြီး အရောင်းအဝယ်များ ဆက်လက်အားကောင်းနေ

ထိုင်းနိုင်ငံအစိုးရက ဆေးခြောက် (Cannabis) သုံးစွဲမှုကို ဖျော်ဖြေရေးအတွက် မဟုတ်ဘဲ ဆေးဘက်ဆိုင်ရာ သီးသန့်အဖြစ် ပြောင်းလဲရန် စည်းမျဉ်းအသစ်များဖြင့် တင်းကျပ်ထားသော်လည်း၊ ဘန်ကောက်မြို့ ခေါက်ဆန်းလမ်း (Khaosan Road) ကဲ့သို့သော ကမ္ဘာလှည့်ခရီးသွားနေရာများတွင် လက်တွေ့၌ အပြောင်းအလဲမရှိဘဲ ဆက်လက်ရောင်းချနေဆဲ ဖြစ်ပါတယ်ဗျာ။

ဥပဒေသစ်အရ ဝယ်ယူသူများသည် ဆရာဝန်ထောက်ခံစာ (Prescription) ရှိမှသာ ဝယ်ယူခွင့်ရှိသော်လည်း၊ ဆိုင်အများစုမှာ ထောက်ခံစာမပါဘဲ ရောင်းချပေးနေပြီး စစ်ဆေးမှုရှိလာမှသာ စာရွက်စာတမ်းများကို ဆရာဝန်များနှင့် နားလည်မှုဖြင့် နောက်မှ လိုက်လုပ်လေ့ရှိကြသည်။

ဆိုင်ဝန်ထမ်းများ၏ အဆိုအရ ဆေးဘက်ဆိုင်ရာ သီးသန့်သမားများကိုသာ ရောင်းချရမည်ဆိုပါက ဆေးခြောက်ဆိုင်များအားလုံး လုံးဝ ရပ်တည်နိုင်တော့မည်မဟုတ်ကြောင်း နှင့် နိုင်ငံခြားသား ခရီးသွားများကိုလည်း ရဲတပ်ဖွဲ့က သတိပေးရုံဖြင့် လွှတ်ပေးလေ့ရှိကြောင်း ဆိုပါတယ်။

လက်ရှိလိုင်စင်ရ ဆိုင်ဟောင်းများကို လုပ်ငန်းပုံစံပြောင်းလဲရန် ၃ နှစ် အချိန်ပေးထားသော်လည်း၊ လိုင်စင်အသစ် လျှောက်ထားသူများကိုမူ ဆေးခန်း သို့မဟုတ် တိုင်းရင်းဆေးဆရာများနှင့် မဖြစ်မနေ ဆက်စပ်မှုရှိရမည်ဟု တင်းကျပ်ထားသည်။ လတ်တလောတွင် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဆေးခြောက်ထိန်းချုပ်ရေး ဥပဒေကြမ်းကို ယခုမေလကုန်အထိ လူထုသဘောထား တောင်းခံနေဆဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို အလွယ်တကူ ဝယ်ယူရရှိနေဆဲ ဖြစ်သော်လည်း ဥပဒေအရ “ဆရာဝန်ထောက်ခံစာမရှိဘဲ သုံးစွဲခြင်း” သည် တရားမဝင်တော့ပါဘူး။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဥပဒေကြောင်းအရ ဗီဇာနှင့် အလုပ်အကိုင်ပါ ထိခိုက်နိုင်ခြေရှိသဖြင့် ဆေးခြောက်ဆိုင်များနှင့် ပတ်သက်ခြင်း၊ သုံးစွဲခြင်းများကို အထူးရှောင်ကြဉ်ကြဖို့ အကြံပြုချင်ပါတယ်။

Source;Bangkok Post