ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင် (Phuket) ရှိ ကာတာနွိုင်း (Kata Noi) အပါအဝင် အန္ဒမန်ကမ်းခြေအချို့တွင် အလွန်အဆိပ်ပြင်းပြီး အသက်အန္တရာယ်ရှိနိုင်သည့် ပင်လယ်ရေသတ္တဝါ Portuguese man o’ war (ပေါ်တူဂီစစ်သည်တော် ဂျယ်လီငါးမျှော့)များကို မေလ ၂၈ ရက်မှစတင်၍ ကမ်းခြေတွင် လာရောက်တင်နေသည်ကို တွေ့ရှိရသဖြင့် ကမ်းခြေစောင့်အဖွဲ့ (Lifeguards) များနှင့် တာဝန်ရှိသူများက ကမ္ဘာလှည့်ခရီးသွားများကို အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားပါတယ်ဗျာ။
ကာတာနွိုင်းကမ်းခြေ (Kata Noi Beach)၊ နိုင်ဟန်ကမ်းခြေ (Nai Harn Beach)၊ ယာနွီကမ်းခြေ (Ya Nui Beach) နှင့် ရာချာကျွန်း (Racha Island) တို့တွင် တွေ့ရှိရခြင်း ဖြစ်သည်။၎င်းသတ္တဝါသည် ပုံသဏ္ဍာန်အားဖြင့် ဂျယ်လီငါး (Jellyfish) နှင့် တူသော်လည်း အမှန်တကယ်တွင် အလွန်အဆိပ်ပြင်းသည့် ပင်လယ်သတ္တဝါအုပ်စုဝင်ဖြစ်သည်။ ၎င်း၏ ရှည်လျားသော နှာမောင်းအမျှင်တန်းများသည် သေဆုံးသွားပြီးနောက် ကမ်းခြေ၌ လာတင်နေသည့်တိုင်အောင် အဆိပ်များကို ဆက်လက်ထုတ်လွှတ်နိုင်စွမ်း ရှိသည်။
အသားအရေနှင့် ထိမိပါက မီးလောင်သကဲ့သို့ ပြင်းထန်စွာ ပူစပ်ပူလောင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ အနီစကွက်များထွက်ခြင်း၊ ပျို့အန်ခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် သတိလစ်ခြင်းတို့ ဖြစ်ပွားနိုင်ပြီး၊ အချို့အခြေအနေများတွင် အသက်အန္တရာယ် စိုးရိမ်ရသည်။
🩺 ရှေးဦးသူနာပြုစုနည်းနှင့် လိုက်နာရန် စည်းကမ်းချက်များ
၁။ တိုက်ရိုက်မကိုင်တွယ်ရ: ကမ်းခြေတွင် အဆိုပါ ရောင်စုံဖောင်းဖောင်း သတ္တဝါများကို တွေ့ရှိပါက အရှင်ဖြစ်စေ၊ အသေဖြစ်စေ လုံးဝ (လုံးဝ) လက်ဖြင့် တိုက်ရိုက်မကိုင်တွယ်ရပါ။
၂။ ရေငန်ဖြင့်သာ ဆေးကြောရမည်: အကယ်၍ အဆိပ်ရှိသောအမျှင်များနှင့် ထိမိပါက “ပင်လယ်ရေ (Seawater)” ဖြင့်သာ ချက်ချင်း အလွန်အကျွံ ဆေးကြောရမည်။ ရေချို (Fresh water) ဖြင့် လုံးဝမဆေးရပါ (ရေချိုသည် အဆိပ်ဆဲလ်များကို ပိုမိုပေါက်ကွဲစေတတ်သောကြောင့် ဖြစ်သည်)။
၃။ ဆေးရုံသို့ ချက်ချင်းပို့ရန်: ရှေးဦးသူနာပြုစုပြီးပါက နီးစပ်ရာ ဆေးဘက်ဆိုင်ရာဌာန သို့မဟုတ် ဆေးရုံသို့ အမြန်ဆုံး သွားရောက်ကုသမှု ခံယူရမည်။
Source;The Nation
