ပတ္တရားတွင် အွန်လိုင်းအငှားယာဉ်မောင်းတစ်ဦး အမျိုးသမီးခရီးသည်ကို ကားတံခါးပိတ်၍ စော်ကားပြီး ဟိုတယ်ခန်းထိ လိုက်လံနှောင့်ယှက်

ထိုင်းနိုင်ငံ၊ ပတ္တရား (Pattaya) မြို့တွင် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက် နံနက်ပိုင်းက အွန်လိုင်းအက်ပ် (Ride-hailing App) မှ တက္ကစီယာဉ်မောင်းတစ်ဦးသည် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးခရီးသည်တစ်ဦးကို ကားတံခါးပိတ်၍ လိင်ပိုင်းဆိုင်ရာစော်ကားခဲ့သည့်အပြင်၊ ဟိုတယ်အခန်းထဲအထိ အတင်းဝင်ရောက်နှောင့်ယှက်ခဲ့မှု ဖြစ်ပွားခဲ့သဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ချက်ဖွင့်ထားပါတယ်။

အမျိုးသမီးသည် သူငယ်ချင်းများနှင့် ကားအတူစီးခဲ့ပြီး ၎င်းတို့ဆင်းသွားပြီးနောက် တစ်ယောက်တည်းကျန်ချိန်တွင် ယာဉ်မောင်းက ကားတံခါးများကို သော့ခတ် (Lock) ကာ ခွင့်ပြုချက်မရှိဘဲ ခန္ဓာကိုယ်ကို ကိုင်တွယ်ခြင်းနှင့် ၎င်း၏အင်္ဂါစပ်ကို ထုတ်ပြခြင်းများ ပြုလုပ်ခဲ့သည်။

ဟိုတယ်သို့ ရောက်ရှိချိန်တွင် ယာဉ်မောင်းက တံခါးချက်ချင်းမဖွင့်ဘဲ ဖုန်းနံပါတ်အတင်းတောင်းခဲ့သည်။ ထို့နောက် ဟိုတယ်ရှေ့တွင် ကားရပ်စောင့်နေပြီး နှုတ်ခမ်းနီကျန်ခဲ့သည်ဟု အကြောင်းပြကာ အမျိုးသမီး၏ ဟိုတယ်အခန်းတံခါးကို ဖွင့်၍ အခန်းထဲအထိ အတင်းဝင်ရောက်လာခဲ့သည်။

အခန်းထဲသို့ ရောက်နှင့်နေသည့် အမျိုးသမီး၏အစ်မက ဖုန်းဖြင့် ဗီဒီယိုရိုက်ကူးကာ လှမ်းအော်လိုက်သဖြင့် ယာဉ်မောင်းမှာ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ လက်ရှိတွင် ပတ္တရားရဲစခန်း၌ အမှုဖွင့်ထားပြီး ယာဉ်မောင်းကို ဖမ်းဆီးအရေးယူရန် ဆောင်ရွက်နေသည်။

အွန်လိုင်းအငှားယာဉ် (Grab, Bolt, InDrive စသည်) များ သုံးစွဲရာတွင် ကားပေါ်မတက်မီ App ထဲရှိ ယာဉ်မောင်းပုံစံ၊ ကားလိုင်စင်နံပါတ်တို့ တိုက်ဆိုင်မှု ရှိ၊ မရှိကို မပြတ်စစ်ဆေးရပါမည်။ အထူးသဖြင့် အမျိုးသမီးများ ညဉ့်နက်ပိုင်း သွားလာပါက App ရှိ “Share My Ride” စနစ်ဖြင့် မိမိသွားရာလမ်းကြောင်း Live Location ကို မိတ်ဆွေများထံ အမြဲ Share ထားသင့်ပြီး ဟိုတယ်ခန်းအတွင်း ရောက်ရှိနေချိန်တွင်လည်း တံခါးများကို အမြဲ Double Lock ချထားသင့်ပါတယ်။

Source;Thaiger