ထိုင်း-မလေးရှားနယ်စပ်၊ ဆဒါအို နယ်စပ်တွင် ဘတ် ၂ သန်းကျော်တန်ဖိုးရှိ “One Piece” ကတ်ပြားများ မှောင်ခိုသွင်းရန် ကြိုးပမ်းမှုကို အကောက်ခွန် ဖမ်းဆီးရမိ

ထိုင်း-မလေးရှားနယ်စပ်၊ ဆောင်ခလာခရိုင် (Songkhla)၊ ဆဒါအိုနယ်စပ်စစ်ဆေးရေးဂိတ်အနီးတွင် တရားမဝင် မှောင်ခိုသွင်းယူရန် စွန့်ပစ်ထားခဲ့သည့် တန်ဖိုးရှိ One Piece (OP-16) Trading Cards ကတ်ပြားဘူးကြီး ၃၀ (ကာလတန်ဖိုး ဘတ် ၂ သန်းကျော်) ကို ထိုင်းအကောက်ခွန်ဦးစီးဌာနက ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်တွင် ဆဒါအိုအကောက်ခွန်ရုံးမှ အရာရှိများသည် တရားမဝင် ကုန်ပစ္စည်းမှောင်ခိုမှုများ တားဆီးရန် ကင်းလှည့်စစ်ဆေးနေစဉ်၊ နယ်စပ်ဝင်ပေါက်ဂိတ်တစ်ခုအနီး၌ ထူးဆန်းစွာ စွန့်ပစ်ထားသော ကတ်ထူပုံးကြီး အများအပြားကို မသင်္ကာဖွယ် တွေ့ရှိခဲ့ရာမှ သွားရောက်စစ်ဆေးဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါပုံးများအတွင်း၌ အန်နီမေး (Anime) ဝါသနာရှင်များအကြား ရေပန်းစားပြီး ဈေးကွက်တန်ဖိုးကြီးမားသည့် One Piece ကတ်ပြားများ ပါရှိနေပြီး၊ ၎င်းတို့ကို ၂၀၁၇ ခုနှစ် ထိုင်းအကောက်ခွန်ဥပဒေ (Customs Act 2017) နှင့်အညီ တရားဝင်အခွန်ဆောင်ခြင်းနှင့် အကောက်ခွန်ရှင်းလင်းရေး လုပ်ထုံးလုပ်နည်းများ လုပ်ဆောင်ခြင်းမရှိဘဲ ခိုးသွင်းရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။

အကောက်ခွန်အာဏာပိုင်များသည် ဖမ်းဆီးရမိသော One Piece ကတ်ပြားသေတ္တာအားလုံးကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းလိုက်ပြီး၊ တရားဝင် ဥပဒေကြောင်းအရ ဆက်လက်အရေးယူနိုင်ရန် ဆဒါအိုအကောက်ခွန်ရုံးသို့ လွှဲပြောင်းပေးအပ်ထားသည်။

Source;Khaosod