တစ်လ တန် ၃၀ ဖြန့်နေသည့် လိုင်စင်မဲ့ အသားလုံးစက်ရုံကို ထိုင်း FDA ပိတ်သိမ်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်) တွင် ဖာသမ်ထာနီခရိုင် (Pathum Thani) ရှိ တစ်လလျှင် အသားလုံးနှင့် ကြက်အူချောင်း တန် ၃၀ ခန့် (ဘတ် ၃ သန်းဖိုး) တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးနေသည့် သန့်ရှင်းမှုမရှိသော တရားမဝင်စက်ရုံကြီးတစ်ခုကို ထိုင်း FDA နှင့် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ပိတ်သိမ်းလိုက်ပါတယ်။

စက်ရုံသက်တမ်း ၁၀ နှစ်ရှိပြီဖြစ်သော်လည်း အစားအသောက်ထုတ်လုပ်ခွင့်လိုင်စင်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်ကတည်းက သက်တမ်းကုန်ဆုံးနေပြီး သက်တမ်းတိုးခြင်းမရှိဘဲ ခိုးဖွင့်ထားခြင်းဖြစ်သည်။

စက်ရုံအတွင်း ညစ်ပတ်စွာ ထုတ်လုပ်ထားသည့် အသားလုံးနှင့် ကြက်အူချောင်း ပေါင်း ၁၀,၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ၎င်းပစ္စည်းများတွင် FDA နံပါတ်အကွက်အတုများ သို့မဟုတ် သက်တမ်းကုန်/ပယ်ဖျက်ပြီးသား နံပါတ်များကို လိမ်လည်ရိုက်နှိပ်ထားသည်။

စက်ရုံပိုင်ရှင် မစ္စတာ အတ်ထပွန် (Mr. Atthapol) ကို လိုင်စင်မဲ့စက်ရုံလည်ပတ်မှု၊ အစားအသောက်အတုအပ ထုတ်လုပ်ရောင်းချမှု စသည့် ပြစ်မှုများစွာဖြင့် ဖမ်းဆီးကာ ဥပဒေအရ အရေးယူထားသည်။

စျေးကွက်အတွင်း အောက်ပါတံဆိပ်ပါ အသားလုံးနှင့် ကြက်အူချောင်းများကို တွေ့ရှိပါက ဝယ်ယူစားသုံးခြင်းမှ ရှောင်ကြဉ်ကြရန် နှိုးဆော်ထားပါတယ်-

▪️CFP (ပြည်ကြီးငါးလုံး)

▪️CHALAME, Ros Lert, RF (အမဲသားလုံး၊ ဝက်သားလုံး)

▪️K@P, K&P, PPM, Mae Ploysuk, Seffy Pork, Super Pork (ဝက်အူချောင်း၊ ကြက်အူချောင်း၊ ဗီယက်နမ်ဝက်အူချောင်းများနှင့် ဂဏန်းတုများ)

ဒီသတင်းဟာ ထိုင်းနိုင်ငံတစ်ဝန်းက လမ်းဘေးစာ (Street Food) ရောင်းချသူတွေနဲ့ စျေးဝယ်စင်တာတွေမှာ အသားလုံး၊ ကြက်အူချောင်း ဝယ်ယူစားသုံးတတ်တဲ့ မြန်မာလုပ်သားတွေအတွက် အထူးသတိထားရမယ့် ကိစ္စဖြစ်ပါတယ်။

Source;Bangkok Post