နွန်ထဘူရီ ကျောင်းသေနတ်ပစ်ခတ်မှု၌ သေဆုံးသူတစ်ဦးလျှင် ဘတ် ၁ သန်းစီ လျှော်ကြေးပေးရန် ထိုင်းအစိုးရ အတည်ပြု

ဘန်ကောက်၊ ဩဂုတ် ၇ (၂၀၂၆) – နွန်ထဘူရီခရိုင်၊ Debsirin Nonthaburi ကျောင်း၌ ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှု ဖြစ်စဉ်တွင် သေဆုံးသွားသူများ၏ မိသားစုများအတွက် တစ်ဦးလျှင် လျှော်ကြေးငွေ ဘတ် ၁ သန်းစီ ပေးအပ်ရန် ထိုင်းအစိုးရက အတည်ပြုလိုက်ပြီး၊ ငွေကြေး ထောက်ပံ့မှုများကို အမြန်ဆုံး ထုတ်ပေးသွားမည်ဟု ထုတ်ပြန်လိုက်ပါတယ်။
ဝန်ကြီးချုပ်ရုံး သဘာဝဘေးအန္တရာယ် ကူညီရေး ရန်ပုံငွေကော်မတီ၏ ဆုံးဖြတ်ချက်အရ ယခင် ဖြစ်ပွားခဲ့သော လူအစုလိုက်အပြုံလိုက် ပစ်ခတ်မှု ဖြစ်စဉ်များ၏ စံနှုန်းအတိုင်း အောက်ပါအတိုင်း ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
🔸သေဆုံးသူများအတွက်: ၁,၀၀၀,၀၀၀ ဘတ် (ဘတ် ၁ သန်း)
🔸မသန်စွမ်း ဖြစ်သွားသူများအတွက်: ၇၀၀,၀၀၀ ဘတ်
🔸ပြင်းထန်ဒဏ်ရာ ရရှိသူများအတွက်: ၂၀၀,၀၀၀ ဘတ်
🔸ဒဏ်ရာအနည်းငယ် ရရှိသူများအတွက်: ၁၀၀,၀၀၀ ဘတ်
ယခုဖြစ်စဉ်သည် တစ်ဦးတစ်ယောက်၏ ပြစ်မှုဖြစ်သော်လည်း ပညာသင်ကြားနေသည့် ကျောင်းအတွင်း အပြစ်မဲ့ ပြည်သူများ ထိခိုက်သေဆုံးခဲ့ရသဖြင့် ရန်ပုံငွေ စည်းမျဉ်းအရ အများပြည်သူဆိုင်ရာ ဘေးအန္တရာယ် (Public Disaster) အဖြစ် သတ်မှတ်ကာ ကူညီခြင်းဖြစ်သည်။
သဂြိုဟ်စရိတ်အတွက် ဘတ် ၅၀,၀၀၀၊ သေဆုံးသူ မိသားစုများအတွက် စားဝတ်နေရေး ထောက်ပံ့ကြေး ဘတ် ၃၀,၀၀၀ နှင့် အသက် ၂၅ နှစ်အောက် ကလေးငယ်ရှိသည့် မိသားစုများအတွက် ထပ်ဆောင်း ဘတ် ၅၀,၀၀၀ စသည်ဖြင့် ထပ်မံထောက်ပံ့ပေးမည်ဖြစ်သည်။
အစိုးရအနေဖြင့် တာဝန်ရှိ အရာရှိများမှအပ အများပြည်သူဆိုင်ရာ နေရာများတွင် သေနတ်ကိုင်ဆောင်သွားလာခွင့်ကို တင်းကြပ်စွာ တားမြစ်ထားပြီး လက်နက်ဥပဒေ (Firearms Act) ကိုလည်း ပြင်ဆင်သွားရန် လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်သည်။

Source;Khaosod