လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံသား ဘယ်ရီသီးခူးအလုပ်သမား ၇၈ ဦးကို ဖင်လန်နိုင်ငံသို့ ခေါ်ယူကာ လူသားမဆန်စွာ ခေါင်းပုံဖြတ် အဓမ္မခိုင်းစေခဲ့သည့် ဖင်လန်ဘယ်ရီသီးကုမ္ပဏီ (Polarica) ၏ အမှုဆောင်ချုပ်ဟောင်း ဂျူကာ ခရစ္စတို (Jukka Kristo) နှင့် ၎င်း၏ ထိုင်းအမျိုးသမီး ပါတနာ ကလျာကွန် (Kalyakorn) တို့ကို ဖင်လန်တရားရုံးက မနေ့က (၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်) တွင် ပြစ်ဒဏ်များ အသီးသီး ချမှတ်လိုက်ပါတယ်။
ကုမ္ပဏီ CEO ဟောင်း ဂျူကာ ခရစ္စတိုကို လူကုန်ကူးမှု ပြစ်မှုပေါင်း ၇၈ ခုဖြင့် ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခဲ့ပြီး၊ နောက်ထပ် ၅ နှစ်အထိ စီးပွားရေးလုပ်ကိုင်ခွင့် ပိတ်ပင်ကာ စစ်ဘက်ဆိုင်ရာ ရာထူးကိုပါ ရုပ်သိမ်းခဲ့သည်။ ပူးတွဲကျူးလွန်သူ ထိုင်းအမျိုးသမီးကိုမူ အခြားလူကုန်ကူးမှုတစ်ခုဖြင့် ထောင်ဒဏ် ၃ နှစ် ကျခံနေရပြီးဖြစ်၍ ယခုအမှုအတွက် ထောင်ဒဏ် ၉ လ သီးခြားထပ်မံ တိုးမြှင့်ချမှတ်ခဲ့သည်။
တရားခံနှစ်ဦးနှင့် Polarica ကုမ္ပဏီတို့သည် နစ်နာသူ ထိုင်းလုပ်သားများအတွက် ကိုယ်စိတ်ဆင်းရဲမှုနှင့် ဘဏ္ဍာရေးဆုံးရှုံးမှုများအတွက် ယူရို ၅ သိန်း (ထိုင်းဘတ် ၁၉ သန်းခန့်) ကို ပူးတွဲပေးလျော်ရမည်ဖြစ်ပြီး၊ ကုမ္ပဏီကိုလည်း ယူရို ၁၅၀,၀၀၀ ထပ်မံဒဏ်ရိုက်ခဲ့သည်။
အလုပ်သမားများ ဖင်လန်သို့ ရောက်ရှိလာစဉ် Passport နှင့် လေယာဉ်လက်မှတ်များကို သိမ်းဆည်းထားခြင်း၊ ရေချိုးခန်းပင်မပါသည့် အဆင့်အတန်းမရှိသော အခန်းကျဉ်းများတွင် စုပြုံနေထိုင်ခိုင်းခြင်းတို့အပြင် နေ့စဉ်ကျွေးမွေးသည့် အစားအသောက်များမှာ ကြက်ခြေထောက်ပြုတ်၊ ငါးခေါင်းများနှင့် အသည်းစိမ်းများသာ ဖြစ်သည်။ အလုပ်သမားများသည် အခြေအနေကို တိုင်ကြားပါက နှင်ထုတ်ခံရမည်ကို အလွန်ကြောက်ရွံ့ခဲ့ကြရသည်။
ယခုကဲ့သို့ ထိုင်းအလုပ်သမားများအပေါ် လူသားမဆန်စွာ နှိပ်စက်ခေါင်းပုံဖြတ်မှုများကြောင့် ထိုင်းအစိုးရ (ဘန်ကောက်အာဏာပိုင်များ) ဘက်က ဖင်လန်နိုင်ငံနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ စည်းကမ်းချက်များကို အသစ်ပြန်လည်ညှိနှိုင်းခြင်းမပြုမီအထိ ထိုင်းလုပ်သားများ ဖင်လန်သို့ ဘယ်ရီသီးသွားရောက်ခူးခြင်းကို လုံးဝ (လုံးဝ) ယာယီပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။
Source;Bangkok Post
