ယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်) တွင် ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင် (Phuket)၊ ဆူရင်ကမ်းခြေ (Surin Beach) အနီး သီရိသုန္ဒရွန်လမ်းပေါ်၌ နိုင်ငံခြားသူ အမျိုးသမီးတစ်ဦးသည် အဝတ်အစားဗလာကျင်းလျက် လမ်းပေါ်တွင် အော်ဟစ်ဆဲဆို သောင်းကျန်းခဲ့သဖြင့် ရဲတပ်ဖွဲ့က အရေးပေါ် လာရောက်ထိန်းသိမ်းခဲ့ရပါတယ်။
အဆိုပါ အမျိုးသမီးသည် မူးယစ်ရီဝေ သို့မဟုတ် စိတ်လှုပ်ရှားခြောက်ခြားနေသည့် ပုံစံဖြင့် အနီးနားရှိ အနှိပ်ခန်းအတွင်းသို့ ဝင်ရောက်ကာ ဆူပူသောင်းကျန်းခဲ့သည်။ အနှိပ်ခန်းဝန်ထမ်းများနှင့် နိုင်ငံခြားသားတစ်ဦးက သူမအား တံဘက်ဖြင့် လာရောက်ဖုံးအုပ်ပေးသော်လည်း ၎င်းတံဘက်ကို ဆွဲဖယ်ကာ ဆက်လက်ရန်မူခဲ့သည်။
မျက်မြင်သက်သေများ၏ အဆိုအရ ဤအမျိုးသမီးသည် လမ်းသွားလမ်းလာများ၏ လည်ပင်းကို ညှစ်ခြင်း၊ ကားများကို လိုက်လံထုရိုက်ခြင်းနှင့် လူများကို လိုက်လံအော်ဟစ် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ဒေသခံများက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ချန်သလေး (Cherng Talay) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အခြေအနေကို ထိန်းချုပ်ကာ ၎င်းအမျိုးသမီးအား စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ လက်ရှိတွင် သူမ၏ လုပ်ရပ်နောက်ကွယ်က အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
ထိုင်းနိုင်ငံ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၈ အရ အများပြည်သူရှေ့တွင် အဝတ်အစားဗလာကျင်းခြင်း သို့မဟုတ် ညုတုတုကိုယ်ဟန်ပြသခြင်းများ ပြုလုပ်ပါက အမြင့်ဆုံး ဒဏ်ငွေ ဘတ် ၅,၀၀၀ အထိ ချမှတ်ခံရနိုင်သည်။ သို့သော် အဆိုပါ အမျိုးသမီးသည် အခြားသူများကို ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းနှင့် ပိုင်ဆိုင်မှုများ ပျက်စီးအောင် ပြုလုပ်ခဲ့ကြောင်း အတည်ပြုနိုင်ပါက နောက်ထပ် ပြင်းထန်သော ပြစ်မှုဆိုင်ရာ ပုဒ်မများဖြင့် ထပ်မံတရားစွဲဆိုခံရမည် ဖြစ်သည်။
Source;Thaiger
