ထိုင်းဘုရင်မင်းမြတ်၏ သမီးတော်ကြီး မင်းသမီး ဘာချာကီတီယာဗာ သက်တော် ၄၇ နှစ်တွင် နတ်ရွာစံကံတော်ကုန်

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက် ကြာသပတေးနေ့ ညနေ ၇:၄၈ နာရီတွင် ထိုင်းဘုရင်မင်းမြတ်၏ သမီးတော်ကြီး မင်းသမီး ဘာချာကီတီယာဗာ (HRH Princess Bajrakitiyabha Narendiradebyavati) သည် King Chulalongkorn Memorial Hospital ၌ ဆေးဝါးကုသမှု ခံယူနေရင်း သက်တော် ၄၇ နှစ်အရွယ်တွင် ငြိမ်းချမ်းစွာ နတ်ရွာစံကံတော်ကုန်ဆုံးသွားခဲ့ကြောင်း နန်းတော်ထိန်းချုပ်ရေးဦးစီးဌာန (Royal Household Bureau) က ယနေ့ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မင်းသမီးကြီးသည် လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက နခွန်ရက်ချာဆီမာခရိုင်၌ ၎င်း၏ အိမ်မွေးခွေးအား လေ့ကျင့်ပေးနေစဉ် နှလုံးရောဂါအခြေအနေကြောင့် သတိလစ်လဲကျသွားခဲ့ရာမှ ဆေးရုံတွင် အဆက်မပြတ် ဆေးဝါးကုသမှု ခံယူခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလအတွင်း အူမကြီးရောင်ရမ်းမှုကြောင့် ဝမ်းဗိုက်အတွင်း ကူးစက်ပိုးဝင်မှုကို စတင်တွေ့ရှိခဲ့ရာမှ သွေးပေါင်ချိန်ကျခြင်းနှင့် နှလုံးခုန်မမှန်ခြင်းတို့ ဖြစ်ပွားခဲ့သည်။ မေလ ၂၁ ရက်မှစ၍ ပြင်းထန်သော ကူးစက်ပိုးဝင်မှုမှာ ပိုမိုဆိုးရွားလာပြီး ခန္ဓာကိုယ်တွင်း အဓိက အင်္ဂါအစိတ်အပိုင်းများကို ထိခိုက်စေခဲ့ကာ ကြာသပတေးနေ့ညတွင် ကံတော်ကုန်ဆုံးခဲ့ရသည်။

မင်းသမီး ပါချာကီတီယာဗာသည် လက်ရှိ ထိုင်းဘုရင်မင်းမြတ် (King Rama X) နှင့် မင်းသမီး စုမ်သဝလီ တို့၏ သမီးတော်အကြီးဆုံး ဖြစ်သည်။ ဘုရင်မင်းမြတ်၏ အမိန့်တော်အရ တော်ဝင်အစဉ်အလာနှင့်အညီ အမြင့်ဆုံးသော ဂုဏ်ထူးဆောင် တော်ဝင်ဈာပနအခမ်းအနားကို ပြင်ဆင်ကျင်းပသွားမည်ဖြစ်ပြီး၊ မင်းသမီးကြီး၏ ရုပ်ကလာပ်တော်ကို ဘန်ကောက်မြို့ရှိ မဟာနန်းတော် (Grand Palace) အတွင်းရှိ Phiman Rattaya Throne Hall တွင် ထားရှိပူဇော်သွားမည်ဖြစ်သည်။

Source;Bangkok Post