ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင် (Kanchanaburi) ရှိ နာမည်ကျော် ခွဲရိုင်မြစ် (Khwae Yai River) လယ်တွင် ခရီးသွားလုပ်ငန်းသုံး ဖောင်ကြီးတစ်ခုကို အသုံးချကာ ဥပဒေမဲ့ ဖွင့်လှစ်ထားသည့် ရေပေါ်ရွေ့လျားလောင်းကစားဝိုင်းကြီးတစ်ခုကို စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးပိုင်းတို့ ပူးပေါင်းကာ ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် အမိအရ ဝင်ရောက်စီးနင်းခဲ့ပြီး၊ ဒိုင်အပါအဝင် လောင်းကစားသမား ၄၅ ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
အဆိုပါ ရေပေါ်လောင်းကစားဝိုင်းကို “မစ္စတာအန်” ဆိုသူက ကန်ချနဘူရီ မြို့နယ်အတွင်း လျှို့ဝှက်လည်ပတ်နေကြောင်း ခရီးသွားများ၏ တိုင်ကြားချက်အရ ခရီးစဉ်လမ်းကြောင်းကို ထောက်လှမ်းကာ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ စီးနင်းချိန်တွင် ဒရဂွန်တိုင်းဂါး (Dragon Tiger) ဖဲကစားနည်းကို အကြီးအကျယ် ကစားနေကြစဉ် အဖမ်းခံခဲ့ရသည်။
ဝိုင်းတော်သားများ၏ အဆိုအရ ဒိုင်ဖြစ်သူသည် ခရီးသွားအပန်းဖြေစခန်းတစ်ခုမှ ဖောင်ကို ငှားရမ်းကာ၊ အာဏာပိုင်များ၏ အဖမ်းအဆီးကို ရှောင်ကွင်းရန်အတွက် ကစားမည့်နေရာကို ဖုန်းဖြင့်အမြဲချိတ်ဆက်ကာ တရားမဝင် ရွှေ့ပြောင်းကစားလေ့ရှိသည်။ ယခုတစ်ကြိမ်တွင်လည်း ထာမခမ်ဆပ်ဒေသမှ နောင်ဘွားဆပ်ဒေသသို့ မြစ်အတိုင်း ဖောင်ကိုဆွဲလာစဉ် လမ်းခုလတ်၌ အဝိုင်းခံလိုက်ရခြင်းဖြစ်သည်။
Source;Thairath
