မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် ခွန်တန်ရထားလမ်း ပိတ်ဆို့ခဲ့ရသော်လည်း လက်ရှိတွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်

ထိုင်းနိုင်ငံမြောက်ပိုင်း၊ လမ်ဖွန်းခရိုင် (Lamphun) ရှိ နာမည်ကျော် ခွန်တန်မီးရထားဥမင်လိုဏ်ခေါင်း (Khun Tan Tunnel) မြောက်ဘက်အဝင်ဝအနီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျကာ ရထားလမ်းကြောင်း ပိတ်ဆို့မှုတစ်ခု ဇွန်လ ၁၄ ရက်က ဖြစ်ပွားခဲ့သော်လည်း၊ တာဝန်ရှိသူများက အရေးပေါ် ရှင်းလင်းရေးလုပ်ဆောင်ခဲ့သဖြင့် လက်ရှိတွင် ရထားခရီးစဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံတော်မီးရထားဌာန (SRT) က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဇွန်လ ၁၄ ရက် ညနေ ၅:၁၀ နာရီဝန်းကျင်တွင် ခွန်တန်ဘူတာဝန်းကျင်ရှိ ဥမင်လိုဏ်ခေါင်းအဝင်ဝ၌ တောင်ကျမြေစာများနှင့် ကျောက်တုံးများ ရထားသံလမ်းပေါ်သို့ ပြိုကျပိတ်ဆို့ခဲ့သည်။ ယင်းကြောင့် ခွန်တန်ဘူတာ (Khun Tan) နှင့် မယ်တန်နွိုင်းဘူတာ (Mae Tan Noi) အကြား ရထားပြေးဆွဲမှုများ လုံးဝရပ်ဆိုင်းသွားခဲ့ရသည်။

ညနေ ၅:၁၈ နာရီတွင် မီးရထားအာဏာပိုင်များက အဆိုပါလမ်းပိုင်းကို အရေးပေါ်ယာယီပိတ်ဆို့လိုက်ပြီး၊ မြေပြင်အင်ဂျင်နီယာအဖွဲ့များနှင့် လမ်းရှင်းလင်းရေးစက်ယန္တရားများကို ချက်ချင်းစေလွှတ်ကာ ဖယ်ရှားရှင်းလင်းစေခဲ့သည်။

မီးရထားဌာန၏ အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းမှုကြောင့် ည ၇:၄၀ နာရီ (၃ နာရီမပြည့်မီအချိန်) တွင် ရထားသံလမ်းပေါ်က မြေစာများကို ရာနှုန်းပြည့် ရှင်းလင်းနိုင်ခဲ့ပြီး၊ မြောက်ပိုင်းရထားလမ်းပိုင်းတစ်ခုလုံးကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

လက်ရှိတွင် အဆိုပါလမ်းပိုင်း၌ ရထားများ ဘေးကင်းချောမွေ့စွာ ဖြတ်သန်းမောင်းနှင်နေပြီဖြစ်ပြီး၊ မိုးရွာသွန်းအပြီး သဘာဝတောင်တန်း အလှအပများကို လာရောက်ကြည့်ရှုကြသည့် ကမ္ဘာ့လှည့်ခရီးသည်များနှင့် ဒေသခံများဖြင့် ခွန်တန်ဘူတာတစ်ဝိုက် ပြန်လည်စည်ကားလျက်ရှိသည်။

မီးရထားအာဏာပိုင်များက လက်ရှိကာလသည် ထိုင်းနိုင်ငံ၏ မုတ်သုံရာသီ (Monsoon Season) ဖြစ်သောကြောင့် တောင်ပေါ်လမ်းပိုင်းများနှင့် ဥမင်လိုဏ်ခေါင်းအနီးတစ်ဝိုက်တွင် ရာသီဥတုရုတ်တရက်ပြောင်းလဲပြီး မိုးထပ်မံသည်းထန်စွာရွာသွန်းကာ မြေပြိုမှုများ ထပ်မံဖြစ်ပွားနိုင်ခြေရှိကြောင်း သတိပေးထားသည်။ ခရီးသွားပြည်သူများအနေဖြင့် ခရီးမထွက်ခွာမီ ရာသီဥတုခန့်မှန်းချက်များနှင့် လမ်းကြောင်းအခြေအနေများကို ကြိုတင်စစ်ဆေးသင့်သည်။

ရထားစီးခရီးသည်များအနေဖြင့် ခရီးစဉ်အချက်အလက်များကို သိရှိလိုပါက ထိုင်းနိုင်ငံတော်မီးရထားဌာန၏ ၂၄ နာရီပတ်လုံး ဖွင့်လှစ်ထားသည့် ဟော့လိုင်းဖုန်း ၁၆၉၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Source;Khaosod