မိခင်က ကွန်ဒိုငှားခ မပေးလို့ စုလာလောင်ကွန်းတက္ကသိုလ် ရေကန်ထဲ ကားနဲ့မောင်းချ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နာမည်ကျော် စုလာလောင်ကွန်းတက္ကသိုလ် (Chulalongkorn University) ဝင်းအတွင်း၌ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးသည် တစ်လလျှင် ထိုင်းဘတ် ၂၇,၀၀၀ တန် ကွန်ဒိုငှားရမ်းခအတွက် မိခင်ဖြစ်သူထံ အကူအညီတောင်းရာမှ သဘောထားကွဲလွဲကာ စိတ်ဓာတ်ကျပြီး ၎င်း၏ကားကို ရေကန်ထဲသို့ တမင်မောင်းနှင်ထိုးချခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်) နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

ဇွန်လ ၁၈ ရက် နံနက် ၅:၄၅ နာရီတွင် ပသုမ်ဝမ် (Pathumwan) ရဲစခန်းသည် စုလာလောင်ကွန်းတက္ကသိုလ် (ချူလာစိုး ၁၂) အတွင်းရှိ ရေကန်ထဲသို့ ကားတစ်စီး ထိုးချသွားကြောင်း သတင်းရရှိသဖြင့် ကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ ချက်ချင်းကွင်းဆင်းခဲ့သည်။

ရေကန်အတွင်း၌ အဖြူရောင် တိုယိုတာယာရစ် (Toyota Yaris) ကားတစ်စီးလုံး နစ်မြုပ်လုနီးပါးဖြစ်နေပြီး ကားခေါင်မိုးသာ မြင်တွေ့ရသည်။ ယာဉ်မောင်းအမျိုးသားဖြစ်သူ မစ္စတာ ချီနာပတ် (Chinapat၊ ၂၉ နှစ်) သည် ကားအတွင်း ရေမွန်းပြီး အသက်ရှူကျပ်နေစဉ် ကယ်ဆယ်ရေးသမားများက ကားတံခါးကို အတင်းဖွင့်ကာ အချိန်မီ ဆွဲထုတ်နိုင်ခဲ့သည်။ ၎င်းကို ဆေးရုံသို့ ပို့ဆောင်ထားပြီး လက်ရှိတွင် အသက်အန္တရာယ်မစိုးရိမ်ရတော့ဘဲ အခြေအနေ တည်ငြိမ်နေပြီဖြစ်သည်။

ကနဦးစုံစမ်းချက်အရ ၎င်းသည် အခင်းမဖြစ်ပွားမီ မိခင်ဖြစ်သူထံမှ တစ်လလျှင် ၂၇,၀၀၀ ဘတ်တန် ကွန်ဒိုတစ်ခုငှားရန် ငွေကြေးအကူအညီ တောင်းခံခဲ့သော်လည်း မိခင်က ငြင်းပယ်ခဲ့သဖြင့် စိတ်ပျက်ဒေါသထွက်ကာ ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် တက္ကသိုလ်ဝင်းအတွင်းရှိ ရေကန်ဆီသို့ မောင်းနှင်လာစဉ် လုံခြုံရေးဝန်ထမ်းများက တားဆီးခဲ့သော်လည်း ဂရုမစိုက်ဘဲ အရှိန်မြှင့်ကာ အတားအဆီးများကို ဝင်တိုက်ပြီး ရေကန်ထဲသို့ မောင်းချခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က ၎င်း၏ စိတ်ကျန်းမာရေးအခြေအနေနှင့် ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းစစ်ဆေးလျက် ရှိသည်။

Source;Thairath