ဘန်ကောက်ရှိ တရားမဝင် ဓာတ်ခွဲခန်းကို ရဲတပ်ဖွဲ့ဝင်စီး၊ ဆေးပြားပေါင်း ၁.၃ သန်းကျော် သိမ်းဆည်းရမိ

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တို့ ပူးပေါင်း၍ ဘန်ကောက်မြို့၊ ဖတ်ထနာခန် (Pattanakarn) ရှိ ကွန်ဒိုနှစ်ခန်းကို ဝင်ရောက်စီးနင်းခဲ့ရာ တရားမဝင် ကြွက်သားတက်ဆေး စတီးရွိုက် (Anabolic Steroids) ဆေးပြား၊ ဆေးမှုန့်နှင့် ဆေးရည် အမြောက်အမြားကို ဖမ်းဆီးရမိခဲ့ပါတယ်ဗျာ။

🔍 ဖြစ်စဉ်နှင့် ဖမ်းဆီးရမိမှု

အခန်းပိုင်ရှင် အနုဝပ်ဆိုသူကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းသည် လွန်ခဲ့သော ၃ နှစ်ကလည်း ယခုပြစ်မှုဖြင့် ဖမ်းဆီးခံခဲ့ရဖူးသည်။ ၎င်းသည် ကွန်ဒိုခန်းများကို တရားမဝင် ထုတ်လုပ်၊ ထုပ်ပိုးသည့် ဓာတ်ခွဲခန်းအဖြစ် အသုံးပြုကာ အိမ်နီးချင်းနိုင်ငံမှ မှောင်ခိုသွင်းလာသည့် ကုန်ကြမ်းများဖြင့် စတီးရွိုက်များကို ထုတ်လုပ်ခဲ့သည်။

တံဆိပ်မကပ်ရသေးဘဲ ထုပ်ပိုးပြီးသား စတီးရွိုက်ဆေးပြား ပေါင်း ၁.၃ သန်းခန့်အပါအဝင် ထုပ်ပိုးရန် ကျန်ရှိနေသေးသည့် ဆေးပြားများနှင့် ဆေးရည်ပုလင်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်။ ၎င်းသည် ဆေးဝါးများကို အွန်လိုင်းမှတစ်ဆင့် ပြည်တွင်းပြည်ပရှိ ကြံ့ခိုင်ရေးကလပ် (Fitness Circles) များနှင့် ဖောက်သည်များထံ တရားမဝင် လျှို့ဝှက်တင်ပို့ရောင်းချခဲ့ခြင်း ဖြစ်သည်။

Anabolic Steroids သည် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲရသည့် ဆေးဝါးဖြစ်ပြီး အားကစားသမားများနှင့် ကာယဗလသမားအချို့က ကြွက်သားထုတက်စေရန် ဥပဒေပြင်ပတွင် လွဲမှားစွာ သုံးစွဲလေ့ရှိကြသည်။ လက်ရှိတွင် စားသုံးသူကာကွယ်ရေးရဲတပ်ဖွဲ့က တရားခံအား ထိုင်းဥပဒေအရ အရေးယူရန် စုံစမ်းစစ်ဆေးနေပါတယ်။

Source;ThaiPBSWorld