ထိုင်းနိုင်ငံတောင်ပိုင်း နာရသီဝပ် ပြည်နယ်မှ အမျိုးသမီးတစ်ဦးသည် ဘန်ကောက်မြို့၊ Siam Square ဧရိယာရှိ ကုန်တိုက်တစ်ခုအတွင်း ထိုင်းဘတ် ၃ သိန်းနီးပါး တန်ဖိုးရှိ နီလာနှင့် စိန်စီထားသည့် ရွှေလက်ကောက်တစ်ကွင်း ပျောက်ဆုံးခဲ့ရာ၊ ၎င်းနောက်မှလာသည့် နိုင်ငံခြားသားဟု ယူဆရသူ အမျိုးသမီးတစ်ဦးက ကောက်ယူသိမ်းဆည်းသွားသည်ကို CCTV တွင် အထင်အရှား တွေ့ရှိခဲ့ရပါတယ်။
ဇွန်လ ၂၈ ရက် ညနေ ၆:၀၀ နာရီဝန်းကျင်တွင် မစ္စစ် ကာဆာမာ (Mrs. Kasama Uma) သည် ၎င်း၏ရွှေလက်ကောက်ကို MBK Center တွင် သွားရောက်ရောင်းချရန်အတွက် BTS ရထားစီးကာ ဆီယမ်ဘူတာသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် ဆီယမ်စင်တာ (Siam Center) အတွင်းရှိ Watsons ဆိုင်ရှေ့အနီး လမ်းလျှောက်နေစဉ် လက်ကောက်ပြုတ်ကျကျန်ခဲ့သည်ကို သတိမထားမိခဲ့ပေ။
ထုတ်ပြန်ထားသည့် CCTV မှတ်တမ်းအရ မစ္စစ် ကာဆာမာ လမ်းလျှောက်သွားပြီးနောက် မကြာမီ ၎င်းနောက်မှ ကပ်လျက်လိုက်လာသည့် Camouflage ဦးထုပ်ဆောင်း၊ အင်္ကျီအမည်းနှင့် ဘောင်းဘီတိုဝတ်ဆင်ကာ ထီးတစ်လက်ကိုင်ထားသော အမျိုးသမီးတစ်ဦးက အဆိုပါ ရွှေလက်ကောက်ကို ငုံ့ကောက်ပြီး ၎င်း၏ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်ကာ ထွက်ခွာသွားခဲ့သည်။
သူသည် MBK စင်တာသို့ ရောက်ရှိချိန်မှသာ လက်ကောက်ပျောက်ဆုံးမှန်း သိရှိသဖြင့် လမ်းကြောင်းအတိုင်း ပြန်လည်ရှာဖွေခဲ့သော်လည်း မတွေ့ရှိတော့ဘဲ ထိုနေ့ည ၇:၀၀ နာရီတွင် Pathumwan ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့သည်။
ဇွန်လ ၂၉ ရက်နေ့တွင် ရဲစခန်းမှတ်တမ်းဖြင့် ကုန်တိုက်ရှိ CCTV မှတ်တမ်းကို တောင်းခံကြည့်ရှုရာမှ ကောက်ယူသွားသူကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က အဆိုပါ သံသယရှိသူ (နိုင်ငံခြားသားဟု ယူဆရသူ) ကို လိုက်လံရှာဖွေနေပြီး၊ ပျောက်ဆုံးသူအမျိုးသမီးကလည်း မိမိအနေဖြင့် အခက်အခဲရှိ၍ လာရောက်ရောင်းချခြင်းဖြစ်သဖြင့် ကောက်ရသူအနေဖြင့် သနားညှာတာသောအားဖြင့် ပြန်လည်ပေးအပ်ရန်နှင့် ရဲတပ်ဖွဲ့ကလည်း အမြန်ဆုံး ဖော်ထုတ်ပေးရန် အသနားခံတောင်းဆိုထားပါတယ်။
Source;Thairath
