မုန်တိုင်းငယ်ကြောင့် ထိုင်းမြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် မိုးပိုသည်းထန်လာနိုင်၍ သတိပေးချက်ထုတ်ပြန်

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ် (Tropical Depression) နှင့် မုတ်သုံလေတို့ကြောင့် ဇူလိုင်လ ၂ ရက်မှ ၆ ရက်အတွင်း ထိုင်းနိုင်ငံတစ်ဝန်းတွင် မိုးပိုမိုသည်းထန်လာနိုင်ကြောင်း ထိုင်းသဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ချရေးဦးစီးဌာန (DDPM) က ယနေ့ (ဇူလိုင် ၂ ရက်) တွင် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနေပြီး ဇူလိုင် ၄ ရက်မှ ၆ ရက်အတွင်း အပူပိုင်းမုန်တိုင်း (Tropical Storm) အဖြစ်သို့ အားကောင်းလာကာ ဟိုင်နန်ကျွန်းကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံတောင်ပိုင်းသို့ ဝင်ရောက်မည်ဖြစ်သည်။မုန်တိုင်းသည် ထိုင်းနိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်မည်မဟုတ်သော်လည်း မုတ်သုံစီးကြောင်း အားကောင်းလာစေရန် တွန်းအားပေးနေသည်။

ထိုင်းမြောက်ပိုင်း (North)၊ အရှေ့မြောက်ပိုင်းအထက်ပိုင်း (Upper Northeast)၊ အလယ်ပိုင်း (Central) နှင့် ကပ္ပလီပင်လယ် (Andaman) ကမ်းရိုးတန်းတစ်လျှောက် တောင်ပိုင်းဒေသတို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းနိုင်သည်။

ဇူလိုင် ၂ ရက်မှ ၃ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်အထက်ပိုင်းတွင် လေပြင်းတိုက်ခတ်ပြီး လှိုင်းကြီးနိုင်သဖြင့် ရေကြောင်းသတိပြုရန် ထိုင်းမိုးဇလ (TMD) က ဆိုသည်။

အာဏာပိုင်များက ပြည်သူများအနေဖြင့် မိုးဇလသတင်းများကို ဂရုတစိုက်စောင့်ကြည့်ကြရန် နှိုးဆော်ထားပြီး၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့ရပါက DDPM ၏ ၂၄ နာရီပတ်လုံး အရေးပေါ်ဟော့လိုင်း ၁၇၈၄ သို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Source;The Nation