၅၀ ဘတ် အမြန်လမ်းကြေးကြောင့် ထိုင်းဒရိုင်ဘာကို မြန်မာခရီးသည် ၅ ဦး ဝိုင်းရိုက်လို့ မျက်စိတစ်ဖက် ကွယ်ခဲ့ရ

အသက် ၆၁ နှစ်အရွယ် ထိုင်းအွန်လိုင်းတက္ကစီ (Ride-hailing) ဒရိုင်ဘာတစ်ဦးသည် အမြန်လမ်းဖြတ်သန်းခ ၅၀ ဘတ် ပိုပေးရန် ငြင်းဆန်သည့် မြန်မာခရီးသည် ၅ ဦး၏ အပြင်းအထန် ဝိုင်းဝန်းရိုက်နှက်ခြင်းကို ခံခဲ့ရသဖြင့် ညာဘက်မျက်စိတစ်ဖက် အပြီးတိုင်ကွယ်သွားခဲ့ရပြီး၊ ဖြစ်ပွားပြီး ၃ လနီးပါးကြာသည်အထိ ရဲတပ်ဖွဲ့ဘက်မှ အမှုတိုးတက်မှုမရှိ၍ တရားမျှတမှုရရှိရန် လူမှုကူညီရေးအဖွဲ့ထံ လာရောက်တိုင်ကြားခဲ့ပါတယ်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က ဒရိုင်ဘာဖြစ်သူ မစ္စတာ ဆူဖချိုင် (Supachai) သည် ဗန်ကောက်ရှိ မိုချစ် (Mo Chit) ကားဂိတ်မှ မြန်မာနိုင်ငံသား ၅ ဦး (အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး) ကို တင်ဆောင်ကာ စမွတ်ပရာကန်ပြည်နယ်၊ ဘန်ဖလီ (Bang Phli) ရှိ ဟိုတယ်တစ်ခုသို့ မောင်းနှင်ခဲ့သည်။

လမ်းခရီးတွင် ယာဉ်ကြောပိတ်ဆို့မှု ရှောင်ရှားရန် အမြန်လမ်းမှ မောင်းနှင်ခဲ့ပြီး ဒရိုင်ဘာက အမြန်လမ်းကြေး ၅၀ ဘတ်ကို ကြိုတင်စိုက်ထုတ်ပေးခဲ့သည်။ ဟိုတယ်သို့ ရောက်ရှိချိန်တွင် အက်ပလီကေးရှင်းရှိ ကားခ ၇၂၀ ဘတ်နှင့် အမြန်လမ်းကြေး ၅၀ ဘတ် အပါအဝင် စုစုပေါင်း ၇၇၀ ဘတ် တောင်းခံရာ၊ မြန်မာခရီးသည်များက ၅၀ ဘတ် ပိုတောင်းသည်ဟုဆိုကာ ပေးရန် ငြင်းဆန်ခဲ့သည်။

ထိုင်းစကားပြောတတ်သည့် ရှေ့ခန်းမှ မြန်မာအမျိုးသားက ဒရိုင်ဘာကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ရန် ကြိုးစားသဖြင့် တားဆီးရာမှ အခြေအတင်ဖြစ်ကာ မျက်နှာကို လက်သီးဖြင့် အကြိမ်ကြိမ် ထိုးနှက်ခဲ့သဖြင့် ဒရိုင်ဘာမှာ သတိလစ်သွားခဲ့သည်။ မြန်မာခရီးသည် ၅ ဦးစလုံးသည် ကားခ လုံးဝမပေးဘဲ ထွက်ပြေးသွားခဲ့ကြသည်။

မစ္စတာ ဆူဖချိုင်သည် ဘန်ဖလီဆေးရုံတွင် သတိပြန်ရလာခဲ့ပြီး ညာဘက်မျက်လုံးအိမ် အရိုးအက်ခြင်း၊ ဦးခေါင်းဒဏ်ရာရခြင်းနှင့် ဦးနှောက်အတွင်း သွေးယိုစီးခြင်းတို့ ကြုံတွေ့ခဲ့ရသည်။ နောက်ဆက်တွဲ စစ်ဆေးချက်များအရ ၎င်း၏ ညာဘက်မျက်စိမှာ အပြီးတိုင် အမြင်အာရုံကွယ်ပျောက်သွားခဲ့ရ ပြီး လက်ရှိတွင် မူးဝေကိုက်ခဲမှုများ ခံစားနေရကာ ကားဆက်မောင်းနိုင်ခြင်း မရှိတော့ဘဲ မသန်စွမ်းသူအဖြစ် မှတ်ပုံတင်လိုက်ရသည်။

ဒရိုင်ဘာသည် ဆေးရုံမှဆင်းပြီး ဘန်ကောက်ရဲစခန်း (Bang Kaew Police Station) တွင် အမှုဖွင့်ခဲ့သော်လည်း၊ ရဲတပ်ဖွဲ့သည် တရားခံများ၏ နာမည်နှင့် ပတ်စပို့နံပါတ်များကိုသာ ရရှိထားပြီး နေရပ်လိပ်စာ၊ လုပ်ငန်းခွင်နှင့် ဆက်သွယ်ရန်အချက်အလက်များကို သေချာကောက်ယူထားခြင်းမရှိသဖြင့် ဖမ်းဆီးရန် ကြန့်ကြာနေခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားရှာဖွေရေးအေဂျင်စီများသို့ စုံစမ်းသော်လည်း ရှာမတွေ့သေးပေ။

လတ်တလောတွင် နာမည်ကြီး လူမှုကူညီရေးအဖွဲ့ဖြစ်သော “Sai Mai Tong Rod” စာမျက်နှာတည်ထောင်သူ မစ္စတာ ဧကဖုတ် (Ekkapop Luangprasert) က ယခုအမှုသည် အခင်းဖြစ်ပွားရာ ဟိုတယ်ရှိ CCTV မှတ်တမ်းများကို ကြည့်ရှုရုံဖြင့် တရားခံကို ဖော်ထုတ်နိုင်သဖြင့် မခက်ခဲကြောင်း၊ မိမိအနေဖြင့် ရဲစခန်းမှူးထံ တိုက်ရိုက်ဆက်သွယ်ကာ တရားခံများကို အမြန်ဆုံး ဖမ်းဆီးအရေးယူနိုင်ရေး ဖိအားပေး ဆောင်ရွက်သွားမည်ဟု ပြောကြားထားပါတယ်။

Source;Khaosod