ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း (အီးဆန်ဒေသ)၊ နခွန်ရက်ချာဆီမာပြည်နယ်ရှိ ကမ္ဘာကျော် Brand-name အမှတ်တံဆိပ်တုများကို Facebook Live လွှင့်၍ ရောင်းချနေသည့် ကုန်လှောင်ရုံကြီးတစ်ခုကို အကောက်ခွန်ဦးစီးဌာနက ဇူလိုင် ၉ ရက် (မနေ့က) တွင် ဝင်ရောက်စီးနင်းခဲ့ပြီး စီးပွားရေးအရ ထိခိုက်နစ်နာမှုတန်ဖိုး ဘတ် သန်း ၃၀ ကျော်ရှိမည့် ပစ္စည်းပေါင်း ၁၀,၀၀၀ ကျော်ကို လက်ပူးလက်ကျပ် သိမ်းဆည်းရမိခဲ့ပါတယ်။
အဆိုပါ ကုန်လှောင်ရုံသည် နခွန်ရက်ချာဆီမာမြို့နယ်၊ စူရနာရီ (Suranaree) ရပ်ကွက်တွင် တည်ရှိပြီး ၎င်းစာမျက်နှာမှ ကုန်ပစ္စည်းအတုများကို Facebook ပေါ်တွင် Live လွှင့်ကာ အကြီးအကျယ် ရောင်းချနေကြောင်း ပြည်သူများ၏ တိုင်ကြားချက်အရ အကောက်ခွန်အဖွဲ့ခွဲ ၂ မှ အရာရှိများနှင့် ရဲတပ်ဖွဲ့က တရားရုံးရှာဖွေဝရမ်းဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
စီးနင်းချိန်တွင် အလုပ်သမား ၁၄ ဦးက ကမ္ဘာကျော်အမှတ်တံဆိပ် အတုအပဖြစ်သည့် အဝတ်အထည်များ၊ ဖိနပ်များ၊ အိတ်များ၊ ခါးပတ်များနှင့် ဦးထုပ်များကို ပါဆယ်ထုတ်ပိုးရန် ခွဲခြားနေသည်ကို တွေ့ရှိခဲ့ရသည်။ စစ်ဆေးရာတွင် မူပိုင်ခွင့်ချိုးဖောက်ထားသော အမှတ်တံဆိပ်တု ပစ္စည်းပေါင်း အနည်းဆုံး ၁၀,၀၀၀ ကျော် (ကာလတန်ဖိုး ဘတ် သန်း ၃၀ ကျော်) ကို တွေ့ရှိသဖြင့် အားလုံးကို သက်သေအဖြစ် သိမ်းဆည်းခဲ့သည်။
အကောက်ခွန်အရာရှိကြီး Mr. Natthapoom က ယခုလုပ်ဆောင်ချက်သည် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့၏ မူပိုင်ခွင့်ချိုးဖောက်သည့် မှောင်ခိုပစ္စည်းများ နှိမ်နင်းရေးမူဝါဒအတိုင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
လက်ရှိတွင် သိမ်းဆည်းရမိသည့် ပစ္စည်းအားလုံးကို မူပိုင်ခွင့်ကုမ္ပဏီကိုယ်စားလှယ်များနှင့်အတူ အသေးစိတ်စစ်ဆေးနေပြီး၊ ပတ်သက်ဆက်နွှယ်သူများကို အကောက်ခွန်အက်ဥပဒေအရ မူပိုင်ခွင့်ချိုးဖောက်သည့် ပစ္စည်းများ လက်ဝယ်ထားရှိမှု၊ ဖြန့်ဖြူးမှုများဖြင့် ထောင်ဒဏ်နှင့် ဒဏ်ငွေများချမှတ်နိုင်ရန် အမြန်ဆုံး တရားစွဲဆိုသွားမည်ဖြစ်သည်။
အွန်လိုင်းမှ ပစ္စည်းဝယ်ယူရာတွင် စစ်မှန်သည်ဟု ကြော်ငြာထားသော်လည်း ဈေးနှုန်းမှာ ပုံမှန်ထက် အလွန်အမင်း သက်သာနေပါက အတုအပ သို့မဟုတ် အခွန်ရှောင်မှောင်ခိုပစ္စည်းများ ဖြစ်နိုင်သဖြင့် သတိပြုကြရန်နှင့် ရောင်းချသူများအနေဖြင့်လည်း ယခုပြစ်မှုသည် ပြင်းထန်သော အကောက်ခွန်ဥပဒေချိုးဖောက်မှုဖြစ်၍ မလုပ်ဆောင်ကြရန် သတိပေးထားပါတယ်။
Source;Thairath
