ထိုင််းနိုင်ငံ၊ ပထုံဌာနီတွင် ကျောင်းသား ၂ ဦးကို ဓားစာခံအဖြစ်ဟန်ဆောင်ခိုင်းပြီး ဘတ် ၄ သိန်းခွဲကျော် လိမ်လည်ခဲ့သည့် Call Center ဂိုဏ်းရဲ့ရန်မှ ရဲများအချိန်မီကယ်နိုင်

ထိုင်းနိုင်ငံ၊ ပထုံဌာနီ (Pathum Thani) ပြည်နယ်၊ ပတ်ကလောင်ရမ်ဆစ် (Pak Khlong Rangsit) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံရပ်ခြားပညာသင်ဆုရရှိသည်ဟု လှည့်ဖြားကာ ကျောင်းသားများအား ကိုယ်တိုင်တိုက်ပိတ်ပြီး ဓားစာခံအဖြစ် ဟန်ဆောင်ခိုင်းကာ မိဘများထံမှ ထိုင်းဘတ် ၄၅၀,၀၀၀ ခန့် လိမ်လည်တောင်းခံခဲ့သည့် Call Center ဂိုဏ်း၏ရန်မှ အသက် ၁၉ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား ၂ ဦးကို ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ပါတယ်။
လိမ်လည်သည့်ဂိုဏ်းသည် တက္ကသိုလ်မှ ထုတ်ပြန်ထားသည့်ပုံစံဖြင့် စာရွက်စာတမ်းအတုများ ပြုလုပ်ကာ ကျောင်းသားများအား နိုင်ငံရပ်ခြားပညာသင်ဆု ရရှိထားကြောင်း စတင်လှည့်ဖြားခဲ့သည်။
ဂိုဏ်းသားများသည် ကျောင်းသား “တေး” (Tae) အား ၎င်း၏တိုက်ခန်းမှ ထွက်ခွာစေပြီး အနီးနားရှိ ရီဆော့တစ်ခုသို့ သွားရောက်စေခဲ့ကာ၊ ထိုမှတစ်ဆင့် အခြားအဆောင်တစ်ခုရှိ အသက် ၁၉ နှစ်အရွယ် ဒုတိယနှစ်ကျောင်းသား “ပလွန်း” (Pluem) ၏ အခန်းသို့ သွားရောက်ပုန်းအောင်းနေရန် ညွှန်ကြားခဲ့သည်။
အဆိုပါအခန်းအတွင်း ကျောင်းသားပလွန်း၏ ခြေကျင်းဝတ်များကို မျက်နှာသုတ်ပုဝါဖြင့် ချည်နှောင်ခိုင်းထားပြီး၊ Call Center ဂိုဏ်းသည် ဗီဒီယိုကောလ် (Video Call) ဖြင့် အမြဲမပြတ်စောင့်ကြည့်ကာ ၎င်းတို့ မိဘများထံမှ ငွေညှစ်ရန် ဓားစာခံပြဇာတ်ကို ကျောင်းသားများကိုယ်တိုင် ကခိုင်းနေခြင်းဖြစ်သည်။
၎င်း၏သားဖြစ်သူက နိုင်ငံရပ်ခြားသွားရမည်ဖြစ်၍ စိတ်လှုပ်ရှားနေကြောင်းပြောကာ ဘတ် ၃၅၀,၀၀၀ တောင်းခံသဖြင့် လွှဲပြောင်းပေးခဲ့သည်။ နောက်ထပ် ဘတ် ၁၀၀,၀၀၀ မှာမူ အခြားအကောင့်တစ်ခုတွင် ပိတ်မိနေသဖြင့် ထုတ်ယူ၍မရခဲ့ဘဲ စုစုပေါင်း ဘတ် ၄၅၀,၀၀၀ ဆုံးရှုံးခဲ့ရသည်။ နောက်ပိုင်းတွင် တက္ကသိုလ်ကထိကအမည်ခံ ဖေ့စ်ဘွတ်ခ်အကောင့်အတုဖြင့် ဂိုဏ်းသားများက ငွေထပ်မံတောင်းခံလာသဖြင့် မိခင်ဖြစ်သူ ရိပ်မိကာ လိုက်လံရှာဖွေခဲ့ခြင်းဖြစ်သည်။
သားဖြစ်သူ တေး က ၎င်း၏ဖခင်ထံမှ ဘတ် ၅၀,၀၀၀ ချေးယူခဲ့ပြီးနောက် ဖုန်းအဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ နောက်ပိုင်းတွင် သားဖြစ်သူအား ခြေဟတ်လက်ဟတ်ချည်နှောင်ကာ ပြန်ပေးဆွဲထားကြောင်း ဖုန်းဝင်လာသဖြင့် ဆွေမျိုးဖြစ်သူအား အဆောင်သို့ လွှတ်၍ စစ်ဆေးခိုင်းရာ လူမတွေ့သဖြင့် အင်္ဂါနေ့ညနေတွင် ရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့သည် ကျောင်းသားတေး၏ ဆိုင်ကယ်ကို ခြေရာခံကာ ဒုတိယအဆောင်အခန်းအတွင်း ၎င်းတို့နှစ်ဦးအား Call Center ဂိုဏ်းက ဗီဒီယိုကောလ်ဖြင့် ခြိမ်းခြောက်နေစဉ် ဝင်ရောက်စီးနင်းပြီး အချိန်မီ ကယ်ထုတ်နိုင်ခဲ့သည်။ စုံစမ်းချက်အရ အဆိုပါလိမ်လည်သည့် ဂိုဏ်း၏ ဖုန်းလိုင်းအချက်ပြမှုများသည် ထိုင်းနိုင်ငံပြင်ပမှ လာခြင်းဖြစ်ကြောင်း သိရသည်။

Photo-The Nation

တရားဝင်အစိုးရဝန်ထမ်း သို့မဟုတ် ရဲအရာရှိများသည် မည်သည့်အခါမျှ ဗီဒီယိုကောလ် (Video Call) မှတစ်ဆင့် အမှုစစ်ဆေးခြင်း သို့မဟုတ် ပြည်သူများအား ငွေလွှဲခိုင်းခြင်းများ ပြုလုပ်မည်မဟုတ်ကြောင်း မိဘများနှင့် အများပြည်သူများ သတိပြုကြရန် နှိုးဆော်ထားသည်။

Source;The Nation