ခွေးလေခွေးလွင့်များကို ၁၀ နှစ်ကြာ ထမင်းကျွေးခဲ့သည့် အဖိုးအို ထိုင်းထီ ဘတ် ၆ သန်း ကံထူး

ထိုင်းနိုင်ငံ၊ ဘူရီရမ် (Buriram) ပြည်နယ်မှ အသက် ၇၁ နှစ်အရွယ် အဖိုးအို Nuay သည် ဇူလိုင် ၁၆ ရက် ထွက်ရှိခဲ့သည့် ထိုင်းအစိုးရထီတွင် ပထမဆု (နံပါတ် ၆၃၉၂၁၄) ဖြင့် ထိုင်းဘတ် ၆ သန်း ကံထူးသွားခဲ့ပါတယ်။ ၎င်းက ယခုကဲ့သို့ ကံထူးခြင်းမှာ လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက ဘုရားကျောင်းရှိ ခွေးလေခွေးလွင့်များအတွက် နေ့စဉ်ထမင်းနှစ်အိုးချက်ကာ ကျွေးမွေးလှူဒါန်းခဲ့သည့် ကုသိုလ်ကံကြောင့်ဖြစ်သည်ဟု ယုံကြည်ကြောင်း ဖွင့်ဟလာသည်။
အဖိုးအို Nuay သည် မူလက အဆုံးသတ်နံပါတ် “15” ပါသည့် ထီလက်မှတ်ကို ဝယ်ယူရန် ရှာဖွေခဲ့သော်လည်း ဆိုင်တွင် ကုန်သွားခဲ့သဖြင့် အဆုံးသတ်နံပါတ် “14” ပါသည့် ထီလက်မှတ်တစ်စောင်တည်းကိုသာ အစားထိုးဝယ်ယူခဲ့ရာမှ ပထမဆုကြီး ပေါက်ခဲ့ခြင်းဖြစ်သည်။
ထီပေါက်ကြောင်း သိရပြီးနောက် ဆွေမျိုးများနှင့် ရွာသားများက ၎င်း၏နေအိမ်သို့ လာရောက်ကာ ရိုးရာဓလေ့အရ လက်ကောက်ဝတ်တွင် အန္တရာယ်ကင်း ချည်မျှင်များ ချည်နှောင်ပေးလျက် ပျော်ရွှင်စွာ ဂုဏ်ပြုဆင်နွှဲခဲ့ကြသည်။
အဖိုးအို Nuay က ၎င်းအနေဖြင့် ဘုရားကျောင်းရှိ ခွေးလေးများအတွက် နေ့စဉ် ထမင်းနှစ်အိုး ပုံမှန်ချက်ကျွေးလာသည်မှာ ၁၀ နှစ်ကျော်ပြီဖြစ်ကြောင်းနှင့် ဘဝမှာ ပထမဆုကြီး တစ်ကြိမ်လောက် ဆွတ်ခူးရပါစေကြောင်း အမြဲဆုတောင်းခဲ့ရာ ယခုအခါ အမှန်တကယ် ပြည့်ဝလာခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရရှိလာသည့် ဘတ် ၆ သန်း ဆုကြေးငွေများနှင့် ပတ်သက်၍ မိသားစုအတွင်းရှိ ကြွေးမြီများကို အရင်ဆုံးဆပ်သွားမည်။ နေအိမ်အသစ်တစ်လုံး ဆောက်လုပ်မည်။လှူဒါန်းမှုများ ပြုလုပ်သွားမည့်အပြင်၊ ကျန်ရှိသည့် ငွေများကိုမူ သက်ကြီးရွယ်အိုဘဝအတွက် စုဆောင်းသွားမည်ဟု သိရသည်။

Source;Thairath