ဘန်ကောက်မြို့၊ နောင်ခမ်း (Nong Khaem) နယ်မြေမှာBolt သမားက ရပ်မပေးသဖြင့် ကျောင်းသူတစ်ဦး ဆိုင်ကယ်ပေါ်မှ ခုန်ချခဲ့ရ

ဒီဖြစ်ရပ်ဟာ ဖက်ကဆင် ၈၁ (Phet Kasem 81) လမ်းဆုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လမ်းသွားလမ်းလာတွေက ဝိုင်းဝန်းကူညီပေးခဲ့လို့သာ ကျောင်းသူလေး အသက်ဘေးက လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ကျောင်းသူလေးဟာ Rama 2 နယ်မြေကနေ ဘန်ဘွန် (Bang Bon) ရှိ သူမရဲ့နေအိမ်ကိုပြန်ဖို့ Bolt အက်ပ်ကနေ ဆိုင်ကယ်ခေါ်ခဲ့တာပါ။ ရောက်လာတဲ့ဆိုင်ကယ်ဟာ အက်ပ်ထဲကပုံနဲ့ မတူပေမဲ့ သူမက လက်ခံစီးနင်းခဲ့ပါတယ်။ လမ်းမှာ ဆိုင်ကယ်သမားက “ကန်တုံး (Kratom)” အရည် သောက်ဖို့ ရပ်နားခဲ့တာကြောင့် သူမ စိတ်မလုံခြုံဖြစ်ပြီး ဖုန်းနဲ့ ဗီဒီယိုစတင်ရိုက်ကူးခဲ့ပါတယ်။ အိမ်ရှေ့ရောက်လို့ ရပ်ခိုင်းပေမဲ့ ဆိုင်ကယ်သမားက ရပ်မပေးဘဲ အရှိန်မြှင့်မောင်းနှင်ခဲ့ပါတယ်။ 

ဆိုင်ကယ်သမားက သူမရဲ့ဖုန်းကို ပုတ်ချဖို့ ကြိုးစားပြီး ဆက်မောင်းနေတာကြောင့် ကျောင်းသူလေးဟာ လမ်းဆုံအရောက်မှာ ဆိုင်ကယ်ပေါ်ကနေ စွန့်စားခုန်ချခဲ့ရပါတယ်။ ဆိုင်ကယ်သမားကတော့ ရပ်မကြည့်ဘဲ မောင်းပြေးသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အသက် ၂၂ နှစ်အရွယ် တင် (Tin) ဆိုသူကို ဖမ်းဆီးရမိခဲ့ပါတယ်။ သူဟာ သူ့ဖခင်ရဲ့ Bolt အကောင့်ကို သုံးပြီး မောင်းနှင်နေတာဖြစ်ပြီး “ကျောင်းသူက တည်နေရာမှားပေးလို့” ဆိုပြီး ဆင်ခြေပေးခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ကန်တုံးနဲ့ ဆေးခြောက် စွဲလမ်းသူဖြစ်ကြောင်း ဝန်ခံထားပါတယ်။ 

တရားခံကို “တရားမဝင် ထိန်းသိမ်းချုပ်နှောင်မှု” (ထောင်ဒဏ် ၃ နှစ်အထိ ကျခံနိုင်) အပြင် အများသုံးသယ်ယူပို့ဆောင်ရေးအတွက် ကိုယ်ပိုင်ယာဉ်အသုံးပြုမှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ထားပါတယ်။

Source;Thaiger