ကန်ချနဘူရီတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၊ မှောင်ခိုဒီဇယ်နှင့် စီးကရက် ၁.၅ သန်းကျော် ဖမ်းမိ

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီ (Kanchanaburi) ပြည်နယ်တွင် ဇူလိုင် ၁၈ ရက် (စနေနေ့ည) က တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄၀ ဦးနှင့်အတူ မှောင်ခိုတင်သွင်းလာသော ဒီဇယ်ဆီ ၁,၆၀၀ လီတာနှင့် တရားမဝင် စီးကရက် ၁.၅ သန်းကျော်ကို အာဏာပိုင်များက ဖမ်းဆီးရမိခဲ့ပါတယ်။
စိုင်ယု (Sai Yok) ခရိုင်ရှိ အဝေးပြေးလမ်းမပေါ်တွင် ပစ်ကပ်ကားနှစ်စီးကို စစ်ဆေးရာမှ ကတ်ထူသေတ္တာကြီးများဖြင့် သယ်ဆောင်လာသော ခြံသစ် ၉၀ (Krongthip 90) အမှတ်တံဆိပ် တရားမဝင်မှောင်ခိုစီးကရက် စုစုပေါင်း ၁.၅ သန်း ကို ရှာဖွေတွေ့ရှိခဲ့သည်။
အဆိုပါစီးကရက်များသည် ပြည်ပပို့ကုန်သက်သက်ဖြစ်ပြီး တစ်ထုပ်လျှင် ၃၀ မှ ၄၀ ဘတ်ခန့်သာရှိသော်လည်း ထိုင်းနိုင်ငံတွင်း စျေးကွက်ပေါက်စျေးမှာ ၁၀၅ ဘတ်အထိ ရှိသည်။
အသက် ၃၂ အရွယ် ကားဒရိုင်ဘာနှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့က ကန်ချနဘူရီ၊ သံခလပူရီ (Sangkhla Buri) မှတစ်ဆင့် အယုဒ္ဓယ (Ayutthaya) ရှိ ဂိုဒေါင်တစ်ခုသို့ ပို့ဆောင်ရန် ငှားရမ်းခြင်းခံခဲ့ရကြောင်း ထွက်ဆိုသည်။
ဇူလိုင် ၁၉ ရက် (တနင်္ဂနွေနေ့) နံနက်ပိုင်းတွင် နယ်စပ်နှင့် ၄ ကီလိုမီတာခန့်အကွာ၌ စွန့်ပစ်ထားသော ပစ်ကပ်ကားတစ်စီးပေါ်မှ စည်ပိုင်း ၈ လုံးဖြင့် ထည့်ထားသည့် ဒီဇယ်ဆီ ၁,၆၀၀ လီတာ ကို သိမ်းဆည်းရမိခဲ့သည်။
ယင်းနောက် မကြာမီအချိန်တွင်ပင် တောအုပ်အတွင်း ပုန်းအောင်းနေသည့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀ ဦး (အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၁၂ ဦး) ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအနက် ရခိုင်ပြည်နယ်မှ အသက် ၂၄ အရွယ် အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ မြန်မာနိုင်ငံအတွင်း စစ်ပွဲများနှင့် ငတ်မွတ်ခေါင်းပါးမှုဘေးမှ ထွက်ပြေးရန် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရာတွင် ပွဲစားခအဖြစ် ဘတ် ၃၀,၀၀၀ အထိ ပေးချေခဲ့ရကြောင်း သိရသည်။

Source:BangkokPost