ဖူးခက်တွင် ဟိုတယ်စားဖိုမှူးက အလုပ်သင်ကျောင်းသူအား ရိုက်နှက်ပြီး ထမင်းအစိမ်း အဓမ္မကျွေးသည့်ဖြစ်စဉ် ဖြစ်ပွား

ဖူးခက်ရှိ နာမည်ကြီး ဟိုတယ်တစ်ခုတွင် အလုပ်သင်ဆင်းနေသည့် အသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသူတစ်ဦးသည် စားဖိုမှူး၏ ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းကို ခံခဲ့ရသည့်အပြင် ထမင်းအစိမ်းများကိုလည်း အဓမ္မ စားသုံးခိုင်းခဲ့ရသဖြင့် Patong ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။

Nakhon Si Thammarat တက္ကသိုလ်မှ အသက် ၂၀ အရွယ် အလုပ်သင်ကျောင်းသူသည် ဇူလိုင် ၁ ရက်နေ့မှစ၍ အတန်းဖော် ၂ ဦးနှင့်အတူ ဖူးခက်ဟိုတယ်တစ်ခုတွင် အလုပ်သင် စတင်ဆင်းခဲ့သည်။

ဇူလိုင် ၁၈ ရက်နေ့တွင် စားဖိုမှူးပေးထားသော အလုပ်များကို လုပ်ကိုင်နေစဉ် ထမင်းပွဲပြင်ဆင်မှု ကြံ့ကြာသည်ဟုဆိုကာ စားဖိုမှူးက သူမ၏ လက်မောင်းကို ယောင်းမဖြင့် ရိုက်နှက်ခဲ့သည့်အပြင် ပါးကို ၂ ချက်ဆင့် ရိုက်ခဲ့သဖြင့် ခေါင်းမူးသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်ကို CCTV မှတ်တမ်းတွင် အထင်အရှား တွေ့ရှိရသည်။

ယခင်ကလည်း ထမင်းကျက်မနပ်ဟုဆိုကာ တခြားဝန်ထမ်းများက ဝိုင်းဝန်းတားဆီးသည့်ကြားမှ ထမင်းအစိမ်းများကို အဓမ္မ စားသုံးခိုင်းခဲ့သည့် ဖြစ်စဉ်မျိုး ရှိခဲ့ဖူးကြောင်း ကျောင်းသူက ထွက်ဆိုထားသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မိခင်တက္ကသိုလ်မှ အဆိုပါ ဟိုတယ်တွင် အလုပ်သင်ဆင်းနေသည့် ကျောင်းသူ/သားများကို ချက်ချင်း ပြန်လည်ရုပ်သိမ်းခဲ့သည်။ ရဲတပ်ဖွဲ့ (Channel 8 သတင်းအရ) က စားဖိုမှူးကို ကိုယ်ထိလက်ရောက် စော်ကားမှုဖြင့် တရားစွဲဆိုထားပြီး ထမင်းအစိမ်း အဓမ္မကျွေးသည့် ကိစ္စအတွက်ပါ ထပ်မံပုဒ်မတိုးရန် စုံစမ်းစစ်ဆေးလျက်ရှိသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်သူ စားဖိုမှူး၏ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ပြန်ထားခြင်း မရှိသေးသလို၊ သက်ဆိုင်ရာ ဟိုတယ်ဘက်ကလည်း တရားဝင် ရှင်းလင်းထုတ်ပြန်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

Source;Thaiger