မူးယစ်ဆေးဖမ်းဆီးမှုတွင် သက်သေအဖြစ် ပါဝင်ခဲ့ရာမှ ရဲအရာရှိ ဖြစ်လာသည့် လိမ္မော်ရောင်ကြောင်ကလေး လူမှုကွန်ရက်၌ ရေပန်းစား

မူးယစ်ဆေးဝါး ဖမ်းဆီးမှုတစ်ခုတွင် တရားခံနှင့် သက်သေခံပစ္စည်းများဘေး၌ “သက်သေ” အဖြစ် ဝင်ထိုင်ရာမှ ပရိသတ်ချစ်ခင်မှု ရရှိခဲ့သည့် လိမ္မော်ရောင် ကြောင်ကလေးသည် ယခုအခါ “ရဲအရာရှိ” အဖြစ် ရာထူးတိုးသွားပြီဟုဆိုကာ လူမှုကွန်ရက်ပေါ်တွင် ပြန်လည်ရေပန်းစားနေပါတယ်။

ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်နေ့က နခွန်စီသမာရတ် (Nakhon Si Thammarat) မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး တရားခံတစ်ဦးကို ၎င်း၏နေအိမ်၌ သွားရောက်ဖမ်းဆီးစဉ် အိမ်မွေး လိမ္မော်ရောင် ကြောင်ကလေးမှာ တရားခံနှင့် သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများဘေးသို့ အေးဆေးစွာ လာရောက်ထိုင်ခဲ့သည်။ အဆိုပါ ဓာတ်ပုံကို ရဲစခန်း၏ Facebook စာမျက်နှာတွင် “သက်သေခံပစ္စည်း တစ်ပုံနှင့် သက်သေ ၁ ကောင်” ဟု စာရေးသား၍ တင်ခဲ့ရာမှ အင်တာနက်ပေါ်တွင် လူကြိုက်များသွားခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၂၂ ရက် တွင် ရဲတပ်ဖွဲ့ စာမျက်နှာမှ အဆိုပါ ကြောင်ကလေးကို စပိန်လက်ရွေးစင် ဘောလုံးအသင်း အင်္ကျီဝတ်ဆင်ပေးကာ ရဲဝန်ထမ်းများနှင့်အတူ တာဝန်ထမ်းဆောင်နေသည့်ပုံကို “ဒီနေ့တော့ သက်သေမဟုတ်တော့ဘူး၊ ရဲအရာရှိအဖြစ် လာတာ” ဟု နောက်ပြောင်ကျီစယ်ကာ ထပ်မံတင်ဆက်ခဲ့သည်။

ရဲတပ်ဖွဲ့၏ တာဝန်ထမ်းဆောင်မှု သတင်းများကြားတွင် အဆိုပါ လိမ္မော်ရောင် ကြောင်ကလေး၏ ပုံရိပ်များသည် ပြည်သူများကို ပျော်ရွှင်ကြည်နူးမှု ပေးစွမ်းလျက်ရှိသည်။

Source;Khaosod