တရုတ်မင်းသား Fan များ ရုန်းရင်းဆန်ခတ်ဖြစ်၍ လေယာဉ်ပေါ်မတက်လိုက်ရသည့် ဖြစ်စဉ် သုဝဏ္ဏဘူမိလေဆိပ် တောင်းပန်

ဘန်ကောက် သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တရုတ်သရုပ်ဆောင်၏ Sasaeng Fan များ ရုန်းရင်းဆန်ခတ် ပြုလုပ်မှုကြောင့် ထိုင်းလေကြောင်းလိုင်း (Thai Airways) လေယာဉ် ထွက်ခွာမှု လှုပ်ခတ်သွားခဲ့ပြီး၊ လုံခြုံရေး စည်းမျဉ်း မလိုက်နာသည့် ခရီးသည် ၂၂ ဦး လေယာဉ်ပေါ် တက်ရောက်ခွင့် ငြင်းပယ်ခံခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ လေဆိပ်တာဝန်ရှိသူများက တရားဝင် တောင်းပန်လိုက်ပါတယ်။

ဇူလိုင်လ ၂၉ ရက် ည ၁၁ နာရီခန့်တွင် ဘန်ကောက်မှ ပီကင်းသို့ ပျံသန်းမည့် Thai Airways လေယာဉ်အမှတ် TG674 ပေါ်သို့ တရုတ်သရုပ်ဆောင်များဖြစ်သည့် Sun Zheng နှင့် Lu Sitong တို့ တက်ရောက်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ သရုပ်ဆောင်နှစ်ဦး နောက်သို့ လိုက်ပါလာသည့် Sasaeng Fan အုပ်စုသည် ခွင့်ပြုချက်မရှိဘဲ Lounge ဧရိယာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး၊ လေယာဉ်ပေါ်တက်မည့် ဂိတ်တွင်လည်း လက်မှတ် စစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ မင်းသားများနှင့်အတူ လေယာဉ်ပေါ်သို့ အတင်းတိုးဝင်ရန် ကြိုးပမ်းခဲ့ကြသည်။

လေကြောင်းလိုင်းက လေယာဉ်တံခါးကို ခေတ္တပိတ်ထားခဲ့ရပြီး၊ လုံခြုံရေး စည်းမျဉ်းများကို မလိုက်နာသည့် ခရီးသည် ၂၂ ဦး အား လေယာဉ်ပေါ်တက်ခွင့် ပိတ်ပင်လိုက်သည်။ ယင်းအနက် ၁၂ ဦးမှာ ဝန်ခံ၍ အိတ်များကို ပြန်လည်ထုတ်ယူခဲ့သော်လည်း ကျန် ၁၀ ဦးမှာ မကျေနပ်ဘဲ လုံခြုံရေးများနှင့် အခြေအတင် ဖြစ်ပွားခဲ့ကြသည်။

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုများအရ ထိန်းသိမ်းစဉ် လုံခြုံရေးအချို့၏ ပြုမူပုံများ လျော်ကန်မှု မရှိသည်ကို တွေ့ရှိရသဖြင့် အဆိုပါ လုံခြုံရေးဝန်ထမ်းများကို ဝန်ထမ်းစည်းကမ်းအရ အရေးယူဒဏ်ခတ်လိုက်ပြီဟု လေဆိပ်က ဆိုသည်။

သုဝဏ္ဏဘူမိ လေဆိပ်အနေဖြင့် ယခုဖြစ်စဉ်အတွက် တောင်းပန်အပ်ပြီး၊ လုံခြုံရေး စည်းမျဉ်းများနှင့် ခရီးသည် ဝန်ဆောင်မှု စံချိန်စံညွှန်းများကို မျှတစွာ ကျင့်သုံးနိုင်ရေး လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ် သွားမည်ဟု အသိပေးထားသည်။

Source;The Nation