ဥရောပ ဗီဇာလျှောက်ရန် ဘဏ်စာရွက်စာတမ်း အတုလုပ်ပေးသည့် အေဂျင်စီကို ထိုင်းရဲ့တပ်ဖွဲ့ ဝင်ရောက်စီးနင်း

ဘန်ကောက်မြို့ရှိ ဗီဇာအေဂျင်စီတစ်ခုသည် ဥရောပ ဗီဇာလျှောက်ထားရာတွင် အသုံးပြုရန် ဘဏ်စာအုပ်အကောင့်အချက်အလက်များနှင့် အခြား စာရွက်စာတမ်းအတုများကို ပြုလုပ်ပေးနေကြောင်း စုံစမ်းတွေ့ရှိရသဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပါတယ်။

ဥရောပသံရုံးတစ်ခုမှ ထိုင်းလျှောက်ထားသူအချို့၏ ဘဏ်စာအုပ် အချက်အလက်များ မသင်္ကာဖွယ်ရာ အတုပြုလုပ်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့ထံ အကြောင်းကြားရာမှ စုံစမ်းစစ်ဆေးမှု စတင်ခဲ့ခြင်းဖြစ်သည်။

မင်းဘူရီ ရာဇဝတ်တရားရုံး၏ ရှာဖွေဝရမ်းဖြင့် ဘန်ကောက်မြို့၊ စိုင်မိုင် (Sai Mai) မြို့နယ်ရှိ ဗီဇာအေဂျင်စီ ရုံးခန်းကို ဝင်ရောက်စီးနင်းခဲ့သည်။

ဘဏ်တံဆိပ်အတုများ၊ ဌာနဆိုင်ရာ တံဆိပ်အတုများ၊ ဘဏ်စာအုပ် အကောင့် အချက်အလက်အတု ၂၀ ကျော်၊ ကွန်ပျူတာ ၄ လုံးနှင့် လစာထောက်ခံစာအတု အများအပြားကို သိမ်းဆည်းရမိခဲ့သည်။

စုံစမ်းစစ်ဆေးချက်များအရ လျှောက်ထားသူ၏ အမည်များနှင့် အမှန်တကယ် ဘဏ်အကောင့်ပိုင်ရှင်များ၏ အမည်များ ကိုက်ညီမှုမရှိခြင်း၊ ငွေဝင်/ထွက် စာရင်းများကို ပြင်ဆင်ထားခြင်းနှင့် လျှောက်ထားသူ ၅ ဦး၏ ခရီးစရိတ်များကို နိုင်ငံခြားဘဏ် ခရက်ဒစ်ကတ် နံပါတ်တစ်ခုတည်းဖြင့် ပေးချေထားကြောင်း တွေ့ရှိရသည်။

အဆိုပါ အေဂျင်စီသည် လျှောက်ထားသူ တစ်ဦးလျှင် ဘတ် ၄၀,၀၀၀ ကောက်ခံခဲ့ပြီး ထိခိုက်နစ်နာသူ သုံးစွဲသူ ၄၀၀ ကျော်အထိ ရှိနိုင်ကာ စုစုပေါင်း ဘတ် ၁၆ သန်းကျော် (16 Million Baht) ဖန်တီးရယူခဲ့ကြောင်း ခန့်မှန်းရသည်။

တာဝန်ရှိသူများသည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၆၄၊ ၂၆၅၊ ၂၆၈ (စာရွက်စာတမ်းအတု ပြုလုပ်မှုနှင့် အသုံးပြုမှု) နှင့် ပုဒ်မ ၂၅၁၊ ၂၅၂ (အစိုးရ/ဌာနဆိုင်ရာ တံဆိပ်တုံးအတု ပြုလုပ်မှု) တို့ဖြင့် အရေးယူခံရမည်ဖြစ်သည်။

Source;Khaosod