လမ်ချဘန်ဆိပ်ကမ်း၌ အလူမီနီယံအမှိုက်ဟု လိမ်လည်တင်သွင်းလာသည့် E-waste တန် ၂၀၀ ကျော် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ လမ်ချဘန် (Laem Chabang) ဆိပ်ကမ်း၌ မသင်္ကာ၍ ဝင်ရောက်စစ်ဆေးခဲ့သော ကွန်တိနား ၁၀ လုံးအနက် ၆ လုံးအတွင်းမှ အလူမီနီယံအမှိုက်ဟု လိမ်လည်ကြေညာထားသည့် တန်ချိန် ၂၀၀ ကျော်ရှိ တရားမဝင် လျှပ်စစ်အီလက်ထရွန်နစ် အမှိုက်များ (E-waste) ကို ဩဂုတ် ၂၆ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ရပါတယ်ဗျာ။

အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းဆိုင်ရာ ဘာဆယ်သဘောတူညီချက် (Basel Convention) လိုက်နာမှုကို စောင့်ကြည့်နေသည့် Basel Action Network မှ သတင်းပေးပို့ချက်အရ ထိုင်းညစ်ညမ်းမှုထိန်းချုပ်ရေးဌာန (PCD) က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အလူမီနီယံနှင့် သတ္တုအမှိုက်များဟု အမည်တပ်ထားသော်လည်း အမှန်တကယ်တွင် အီလက်ထရွန်နစ် ဆားကစ်ဘုတ် (Circuit boards) များ ရောနှောပါဝင်နေသည်။ စုစုပေါင်း အလေးချိန် ၂၀၂.၉ တန်ကျော်ရှိပြီး ကာလတန်ဖိုး ဘတ် ၁၂.၄ သန်းခန့် ရှိသည်။အဆိုပါ စွန့်ပစ်ပစ္စည်းများ မည်သည့်နိုင်ငံမှ တင်သွင်းလာသည်ကိုမူ လတ်တလော မသိရှိရသေးပေ။

ထိုင်းနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် E-waste တင်သွင်းမှုကို စတင်ပိတ်ပင်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ပိုမိုတင်းကြပ်ကာ ဆားကစ်ဘုတ်များ၊ ဘက်ထရီများနှင့် သုံးပြီးသား ဖုန်းများအပါအဝင် အီလက်ထရွန်နစ်အမှိုက် အမျိုးအစား ၄၆၃ မျိုးအထိ တင်သွင်းခွင့် ပိတ်ပင်ထားခဲ့သည်။

ညစ်ညမ်းမှုထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Surin Worakitthamrong က အဆိုပါ တွေ့ရှိချက်များကို အကောက်ခွန်ဌာနထံ လွှဲပြောင်းပေးအပ်၍ ဥပဒေအရ ထိရောက်စွာ ဆက်လက်အရေးယူသွားမည်ဟု ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၂၀၂၆ မတ်လကလည်း ဟေတီနိုင်ငံမှ သတ္တုအမှိုက်ဟု လိမ်လည်တင်သွင်းလာသော (အမှန်တကယ် အမေရိကန်မှ လာသည့်) ကွန်တိနား ၁၂ လုံးအတွင်းမှ E-waste တန်ချိန် ၂၈၄ တန်ကို လမ်ချဘန်ဆိပ်ကမ်း၌ပင် သိမ်းဆည်းရမိခဲ့ဖူးသည်။

Source;The Nation