ထိုင်းနိုင်ငံ၊ စမွတ်ပရာကန် (Samut Prakan) ခရိုင်ရှိ မိကျောင်းမွေးမြူရေးနှင့် တိရစ္ဆာန်ရုံတွင် ကြည့်ရှုသူ တစ်ဦးတည်းသာ ရှိသော်လည်း ဆင်ပြပွဲကို မပျက်မကွက် အပြည့်အဝ ဖျော်ဖြေပေးခဲ့သည့် ရုပ်သံမှတ်တမ်းသည် အွန်လိုင်းတွင် ကြည့်ရှုသူ ၁.၂ သန်းကျော်အထိ ရှိသွားခဲ့သဖြင့် တိရစ္ဆာန်ရုံဘက်က ပြည်သူများကို ကျေးဇူးတင်စကား ပြောကြားလိုက်ပါတယ်ဗျာ။
TikTok အသုံးပြုသူ @atomisatom4 က ဩဂုတ်လ ၂၈ ရက်နေ့တွင် စမွတ်ပရာကန် တိရစ္ဆာန်ရုံ၏ ဆင်ပြပွဲစင်မြင့်၌ ကြည့်ရှုသူ ပရိသတ် ၁ ဦးတည်းသာ ရှိနေသော်လည်း ဝန်ထမ်းများနှင့် ဆင်များက ပုံမှန်အတိုင်း အားကြိုးသမာဓိဖြင့် ဖျော်ဖြေပေးနေသည့် ဗီဒီယိုကို တင်ဆက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဗီဒီယိုမှာ ချက်ချင်းဆိုသလို အွန်လိုင်းတွင် ရေပန်းစားသွားခဲ့ပြီး ကြည့်ရှုသူ ၁.၂ သန်းကျော်သွားခဲ့သည်။ လူမှုကွန်ရက် အသုံးပြုသူများက ဝန်ထမ်းများ၏ လုပ်ငန်းအပေါ် လေးစားမှုကို ချီးကျူးခဲ့ကြပြီး တိရစ္ဆာန်ရုံသို့ သွားရောက်အားပေးမည်ဟု မှတ်ချက်ပေးခဲ့ကြသည်။
တိရစ္ဆာန်ရုံဘက်က ဩဂုတ် ၂၉ ရက်တွင် တရားဝင် ကျေးဇူးတင်စကား ပြန်လည်ထုတ်ပြန်ခဲ့ပြီး၊ ၎င်းတို့သည် နှစ်ပေါင်း ၇၀ ကျော် ရပ်တည်လာခဲ့ကာ ကိုဗစ်-၁၉ ကာလ ပိတ်ထားရစဉ်ကပင် တိရစ္ဆာန်များကို မိသားစုကဲ့သို့ စောင့်ရှောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အသက်ကြီးရင့်နေပြီဖြစ်သည့် ဆင်များ အပါအဝင် တိရစ္ဆာန် အများအပြားကို ဆရာဝန်များဖြင့် စနစ်တကျ စောင့်ရှောက်ပေးလျက်ရှိသည်။
တိရစ္ဆာန်ရုံ အဆောက်အအုံများ ဟောင်းနွမ်းနေမှုအပေါ် ဝေဖန်မှုများကို လက်ခံပြီး ပိုမိုကောင်းမွန်သည့် မိသားစုအပန်းဖြေစခန်းဖြစ်အောင် ပြုပြင်ထိန်းသိမ်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
စမွတ်ပရာကန် မိကျောင်းမွေးမြူရေးနှင့် တိရစ္ဆာန်ရုံကို နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားကြောင်း သိရှိရပါသည်။
Source;Thaiger
