ဖတ်သလောင်း၌ ၁၇ နှစ်အရွယ် ကျောင်းသားအား PVC ပိုက်ဖြင့် ရိုက်နှက်သည့် အဆောင်မှူးဆရာ အမှုဖွင့်ခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖတ်သလောင်း (Phatthalung) ခရိုင်ရှိ Boarding Schoolတစ်ခုမှ အမျိုးသား အဆောင်မှူး ဆရာတစ်ဦးသည် ၁၇ နှစ်အရွယ် ၁၁ တန်း ကျောင်းသားတစ်ဦးအား PVC ပိုက်ဖြင့် ရိုက်နှက်နှိပ်စက်ခဲ့မှုကြောင့် မိခင်ဖြစ်သူက ရဲစခန်းတွင် တရားဝင် တိုင်ကြားထားကြောင်း သိရပါတယ်။

လွန်ခဲ့သည့် ဩဂုတ် ၂၂ ရက် ညပိုင်းက Rajaprachanukroh 65 ကျောင်း အဆောင်မှူး ဆရာသည် ၁၇ နှစ်အရွယ် ကျောင်းသား “ဖက်တ်” (Phet) အား အဆောင်အတွင်း ဘတ် ၄၀ ပျောက်ဆုံးမှုတွင် ခိုးယူသည်ဟု စွပ်စွဲကာ အရှည် ၁၂၀ စင်တီမီတာရှိ PVC ပိုက်ဖြင့် ကျောကုန်းကို ပြင်းထန်စွာ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

ကျောင်းသားဖြစ်သူက ခိုးယူခြင်းမရှိကြောင်း ငြင်းဆိုခဲ့သော်လည်း ရိုက်နှက်ခဲ့သည့်အပြင် အမှိုက်ပုံးထဲမှ ဘူးခွံဖြင့် ရေကို အတင်းအကျပ် သောက်ခိုင်းခဲ့ကြောင်း ပါးစပ်ဖြင့် ခြိမ်းခြောက်ခဲ့ကြောင်း ကျောင်းသားက ထွက်ဆိုထားသည်။

မိခင်ဖြစ်သူ ရောက်ရှိလာချိန်တွင် ကျောင်းသားမှာ မျက်နှာဖြူရော်ကာ အသက်ရှူရခက်ခဲနေသဖြင့် ဖတ်သလောင်း ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်။

မိခင်ဖြစ်သူ မဆူဖန်နီ (Supannee Khongthong) က ကျောင်းအုပ်ကြီးနှင့် အထက်ဌာနများသို့ သွားရောက်တိုင်ကြားခဲ့သော်လည်း ထိရောက်သည့် အရေးယူမှုနှင့် ရှင်းလင်းချက် မရရှိခဲ့သည့်အပြင် ဆရာဖြစ်သူကလည်း တောင်းပန်ခြင်း မရှိသဖြင့် ဖတ်သလောင်း မြို့မရဲစခန်း၌ ဥပဒေအရ အမှုဖွင့် တိုင်ကြားခဲ့သည်။

ကျောင်းသားဖြစ်သူမှာ ဆရာအား ကြောက်လန့်နေသဖြင့် ကျောင်းမတက်နိုင်တော့ဘဲ အခြားကျောင်းသို့ ပြောင်းရွှေ့ရန် ကြိုးပမ်းနေသော်လည်း ကျောင်းဘက်က ထွက်ခွင့်မပြုသေးသဖြင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရသည်။

သတင်းထောက်များက ကျောင်းသို့ သွားရောက်မေးမြန်းခဲ့သော်လည်း ကျောင်းအုပ်ကြီးမှာ တာဝန်ဖြင့် အပြင်ရောက်နေပြီး ဒုတိယ ကျောင်းအုပ်ကြီးမှာလည်း အစည်းအဝေး တက်ရောက်နေသဖြင့် ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ကျောင်းဝန်ထမ်းများက ပြောကြားခဲ့သည်။

Source;Khaosod