ဘော့လ် (Bolt) ယာဉ်လိုင်းမှ တက္ကစီတစ်စီး၏ အတွင်းပိုင်း၌ သရဲရုပ်ပုံများဖြင့် ဆန်းပြားစွာ အလှဆင်ထားမှုကြောင့် ညဘက် သွားလာရသည့် ခရီးသည်များအတွက် စိတ်ခြောက်ခြားဖွယ် ဖြစ်နေပြီး အိပ်မက်ဆိုးတစ်ခုကဲ့သို့ ခံစားခဲ့ရကြောင်း အမျိုးသမီး ခရီးသည်တစ်ဦးက လူမှုကွန်ရက်ပေါ်တွင် ဝေဖန်တိုင်ကြားလိုက်ပါတယ်ဗျာ။
စက်တင်ဘာ ၁ ရက်နေ့က “พวกเราคือผู้บริโภค” (ကျုပ်တို့သည် စားသုံးသူများဖြစ်သည်) Facebook စေ့ဆော်မှု အုပ်စုတွင် အမျိုးသမီးတစ်ဦးက ဓာတ်ပုံများနှင့်တကွ တင်ပြခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အလျင်လိုနေသဖြင့် စီးနင်းခဲ့ရသော်လည်း ယာဉ်အတွင်း ပြင်ဆင်ထားပုံကြောင့် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။
ရှေ့ထိုင်ခုံ ခေါင်းမှီများတွင် မျက်လုံးပြူးပြူးဖြင့် ဖြူရော်နေသည့် သရဲရုပ်ပုံများ စွပ်ထားပြီး၊ ထိုင်ခုံနောက်ကျော၌လည်း ခရီးသည်များ လိုက်နာရန် စည်းကမ်းချက်များ ရေးသားထားသည့် သစ်သားဆိုင်းဘုတ် ချိတ်ဆွဲထားသည်။
ထို့ပြင် အဆိုပါယာဉ်၏ အနောက်ဘက် ဘမ်ပါ (Bumper) အစိတ်ပိုင်းများ ကျွတ်ထွက်နေသည်အထိ ဘေးကင်းလုံခြုံရေး အားနည်းနေသည်ကိုတွေ့ရသည်။
ညဘက်တွင် အိမ်ပြန်မည့် အမျိုးသမီးများနှင့် ကလေးများပါလာပါက စိတ်ပိုင်းဆိုင်ရာ ခြောက်ခြားသွားနိုင်ကြောင်းနှင့် Bolt ကုမ္ပဏီထံ တိုင်ကြားခဲ့သော်လည်း ထိရောက်စွာ အရေးယူဆောင်ရွက်ပေးခြင်း မရှိခဲ့ကြောင်း ပြောဆိုထားသည်။
အွန်လိုင်းအသုံးပြုသူများက “သရဲကို မကြောက်ပေမဲ့ ဒီလိုပြင်ထားတဲ့ ယာဉ်မောင်းရဲ့ စိတ်ဓာတ်ကို ပိုကြောက်တယ်” ဟုလည်းကောင်း၊ “ကား အလှဆင်တာထက် ကားရဲ့ ကြံ့ခိုင်ရေးကော စည်းကမ်းမီရဲ့လား” ဟုလည်းကောင်း ဝေဖန်ရေးသားခဲ့ကြသည်။
Source;Thaiger
