အွန်လိုင်းမှ ဝယ်ယူထားသည့် မန်မိုရီကတ် (Memory Card) အတုများကြောင့် သုံးစွဲသူများ၏ အချက်အလက်များနှင့် ကွန်ပျူတာ စနစ်များ ဆိုးရွားစွာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း တိုင်ကြားချက်များ ရရှိပြီးနောက် ထိုင်း စီးပွားရေး ရာဇဝတ်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့ (ECD) က ပထုမ်ဌာနီ (Pathum Thani) ခရိုင်အတွင်းရှိ ကုန်လှောင်ရုံတစ်ခုကို ဝင်ရောက်စီးနင်းကာ အတုပြုလုပ်ထားသော မန်မိုရီကတ် စုစုပေါင်း ၁၆,၂၄၅ ခု ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
ရဲတပ်ဖွဲ့သည် တိုင်ကြားချက်များအရ ပထုမ်ဌာနီခရိုင်၊ ခလောင်လွမ် (Khlong Luang) မြို့နယ်၊ ခလောင်ဆောင်း (Khlong Song) ရှိ လိပ်စာနံပါတ် တိတိပပ မရှိသော ဂိုဒေါင်တစ်ခုကို သွားရောက် စိစစ်ရှာဖွေခဲ့ခြင်း ဖြစ်သည်။
မူပိုင်ခွင့် ပိုင်ရှင်များ၏ ကိုယ်စားလှယ်များနှင့် ပူးပေါင်း၍ စိစစ်ခဲ့ရာ Oppo၊ SanDisk၊ HP၊ Xiaomi၊ Kingston နှင့် FNK Vision အမှတ်တံဆိပ် တုပရိုက်နှိပ်ထားသည့် အတုပြုလုပ်ထားသော မန်မိုရီကတ် အမျိုးအစား ၆ မျိုးကို တွေ့ရှိသိမ်းဆည်းခဲ့သည်။
အွန်လိုင်းမှတစ်ဆင့် မန်မိုရီကတ်နှင့် ဖလက်ရှ်ဒရိုက်ဗ် (Flash drive) များကို ဝယ်ယူသုံးစွဲခဲ့ကြသည့် စားသုံးသူများက အဆိုပါ ပစ္စည်းများသည် –
1.အသုံးပြု၍ မရခြင်း၊
2.ကြော်ငြာထားသည့် ပမာဏ (Storage Capacity) ထက် လျော့နည်းနေခြင်း၊
3.ဗိုင်းရပ်စ် ကူးစက်မှုကဲ့သို့ ပြဿနာများ ဖြစ်ပေါ်စေပြီး အရေးကြီး အချက်အလက်များ လုံးဝ ပျက်စီးဆုံးရှုံးခဲ့ရခြင်း စသည့် ထိခိုက်မှုများ ခံစားခဲ့ရကြောင်း တိုင်ကြားခဲ့ကြသည်။
ရဲတပ်ဖွဲ့က အဆိုပါ မူပိုင်ခွင့်ချိုးဖောက် တုပပြုလုပ်သည့် လုပ်ငန်းများတွင် ပါဝင်ပတ်သက်သူများကို တရားဥပဒေအတိုင်း ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။
Source;Bangkok Post
