ချက်ချောင်းဆာအို၌ မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် ဘတ်စ်ကား မြောင်းအတွင်း မှောက်ကျ၊ ၂၄ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ ချက်ချောင်းဆာအို (Chachoengsao) ခရိုင်၊ ဘန်းပါကွန် (Bang Pakong) မြို့နယ်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးသည် စက်တင်ဘာလ ၇ ရက် ယနေ့နံနက်ပိုင်းက လမ်းကျဉ်းအတွင်းမှ လမ်းဘေးမြောင်းအတွင်းသို့ မှောက်ကျသွားခဲ့သဖြင့် မြန်မာအလုပ်သမား ၂၄ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရပါတယ်ဗျာ။

စက်တင်ဘာ ၇ ရက် နံနက် ၆:၃၀ နာရီခန့်တွင် ဘန်းပါကွန်မြို့နယ်၊ ဘန်းစာမတ် (Bang Samak) ကျေးရွာအုပ်စုရှိ လမ်ဝိုင်လင် (Lam Wai Ling) မြောင်းအတွင်းသို့ မာစီးဒီး-ဘန့်ဇ် (Mercedes-Benz) အမျိုးအစား ဘတ်စ်ကားတစ်စီး ထိန်းမနိုင်ဘဲ မှောက်ကျသွားခဲ့ခြင်းဖြစ်သည်။

ဘတ်စ်ကားပေါ်တွင် စက်ရုံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား ၃၀ ခန့် ပါရှိပြီး၊ ဒရိုင်ဘာဖြစ်သူ အသက် ၆၅ နှစ်အရွယ် အမ်နွယ် (Amnuay) နှင့် မြန်မာအလုပ်သမားများသည် ကားမှောက်သွားပြီးနောက် ယာဉ်ပေါ်မှ ထွက်ခွာနိုင်ခဲ့ကြသည်။

ဖြစ်စဉ်ကြောင့် မြန်မာအလုပ်သမား ကျား ၂၁ ဦး၊ မ ၃ ဦး (စုစုပေါင်း ၂၄ ဦး) ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။ ကယ်ဆယ်ရေးအဖွဲ့များက အခင်းဖြစ်နေရာတွင် ရှေးဦးသူနာပြုစုပေးပြီးနောက် ဒဏ်ရာရသူများကို အနီးရှိ Chularat 11 ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြသည်။

ယာဉ်မောင်းဖြစ်သူ၏ အဆိုအရ မြန်မာအလုပ်သမားများကို စက်ရုံသို့ ပို့ဆောင်ရန် မောင်းနှင်လာစဉ် လမ်းကျဉ်းအပိုင်းသို့ ရောက်ရှိချိန်၌ ရှေ့ဘီးမှာ လမ်းဘေးကျင်းအတွင်း ဝင်သွားခဲ့ကြောင်း သိရသည်။ ထို့နောက် ယာဉ်ကို ပြန်လည် ထိန်းညှိရန် နောက်ဆုတ်ရန် ကြိုးပမ်းစဉ် ကားမှာ ဟန်ချက်ပျက်ကာ လမ်းဘေးမြောင်းအတွင်းသို့ စောင်း၍ မှောက်ကျသွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။

Source;Thaiger