ထိုင်း၌ အလုပ်သမား လိုအပ်ချက်ကြောင့် သီရိလင်္ကာ အလုပ်သမား ၁၀,၀၀၀ ခေါ်ယူရေး အစိုးရ အတည်ပြု

ထိုင်းနိုင်ငံ၏ အလုပ်သမားဈေးကွက် လိုအပ်ချက်များကို ဖြည့်ဆည်းရန် သီရိလင်္ကာနိုင်ငံမှ အလုပ်သမား ၁၀,၀၀၀ အား ပထမအသုတ်အဖြစ် တရားဝင် ခေါ်ယူရေး အလုပ်သမား ပူးပေါင်းဆောင်ရွက်ရေး စာချုပ် (MOU) နှစ်ခုကို ထိုင်းအစိုးရအဖွဲ့ (Cabinet) က စက်တင်ဘာ ၈ ရက်နေ့တွင် အတည်ပြုလိုက်ကြောင်း သိရပါတယ်ဗျာ။

ဒုတိယ အစိုးရပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ပတ်ဒါရတ် (Capt Patdarasm Thongsaluaykorn) ၏ ပြောကြားချက်အရ အဆိုပါ သဘောတူညီချက်တွင် –

1.နှစ်နိုင်ငံ အလုပ်သမား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MOU) နှင့်

2.ထိုင်းနိုင်ငံတွင် သီရိလင်္ကာ အလုပ်သမားများ အလုပ်လုပ်ကိုင်ရေးဆိုင်ရာ သီးခြား စာချုပ်များ ပါဝင်သည်။

အလုပ်သမား စိစစ်ရွေးချယ်ခြင်း၊ အလုပ်ခန့်အပ်မှု စာချုပ်ချုပ်ဆိုခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်း၊ တရားဝင် ဝင်ရောက်ခွင့် ရရှိရေးနှင့် အလုပ်လုပ်ကိုင်ပြီး သက်တမ်းကုန်ဆုံးပါက သီရိလင်္ကာသို့ ပြန်လည်ပို့ဆောင်ရေး အထိ ပွင့်လင်းမြင်သာသည့် စနစ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်သည်။

ပထမအကြိမ် အလုပ်ခန့်အပ်မှု စာချုပ်သက်တမ်းကို ၂ နှစ် သတ်မှတ်ထားပြီး နောက်ထပ် ၂ နှစ်ထပ်မံ သက်တမ်းတိုးနိုင်သည်။ စာချုပ်သက်တမ်း ကုန်ဆုံးပါက မိခင်နိုင်ငံသို့ ပြန်ရမည်ဖြစ်ပြီး၊ စာချုပ်ပြည့်မြောက်ပါက ပြန်လည်ပို့ဆောင်ရေး စရိတ်များကို အလုပ်ရှင်က တာဝန်ယူရမည်ဖြစ်သည်။

သီရိလင်္ကာ အလုပ်သမားများသည် ထိုင်းအလုပ်သမားဥပဒေအရ ခွဲခြားဆက်ဆံခြင်း မခံရဘဲ တန်းတူအခွင့်အရေးနှင့် ခံစားခွင့်များ ရရှိမည်ဖြစ်သည်။ လုပ်ငန်းခွင် အငြင်းပွားမှုများကိုလည်း ဥပဒေကြောင်းအရ ဖြေရှင်းနိုင်မည်ဖြစ်သည်။

အဆိုပါ မူဘောင်သည် အလုပ်သမား အရေအတွက် တိုးမြှင့်ရုံ သက်သက်မဟုတ်ဘဲ လူကုန်ကူးမှုနှင့် တရားမဝင် အလုပ်သမား ခေါ်ယူမှုများကို လျှော့ချရန်အတွက် ရည်ရွယ်ခြင်း ဖြစ်သည်။

Source;Thaiger