ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ပတ္တရား (Pattaya) မြို့တွင် ရဲတပ်ဖွဲ့ဝင်အဖြစ် ဟန်ဆောင်ကာ အနှိပ်သည် အမျိုးသမီးများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်၍ ငွေကြေး ညှစ်ယူခဲ့သည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးအား စက်တင်ဘာ ၈ ရက် မနေ့ညက မူအန်း ပတ္တရား မြို့မရဲစခန်းတပ်ဖွဲ့က စီးနင်းဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။
လွန်ခဲ့သည့် သြဂုတ်လ ၃ ရက်နေ့က ရဲအရာရှိများဟု အယောင်ဆောင်ထားသည့် အမျိုးသားတစ်စုသည် ပတ္တရားရှိ အနှိပ်ခန်းတစ်ခုသို့ ဝင်ရောက်စီးနင်းခဲ့ပြီး အဆိုပါ ဆိုင်မှ အနှိပ်သည် အမျိုးသမီး ၃ ဦးအား မူးယစ်ဆေးဝါး စစ်ဆေးမည်ဟု အကြောင်းပြကာ စွမ်သီယန် (Jomtien) ဧရိယာရှိ အငှားခန်းတစ်ခုသို့ အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့သည်။
အဆိုပါ အုပ်စုသည် အနှိပ်သည် အမျိုးသမီးများထံမှ ဘတ် ၇,၅၀၀ ကို အတင်းအဓမ္မ ငွေညှစ်ယူခဲ့သည့်အပြင် မူးယစ်ဆေးဝါး ကိုင်ဆောင်ထားသည့် နိုင်ငံခြားသားများနှင့် ထပ်မံ ချိတ်ဆက်ပေးရန်ပါ အတင်းအကျပ် ဖိအားပေး ခိုင်းစေခဲ့သည်။
ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်များအရ သြဂုတ်လအတွင်းက အဆိုပါ အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကို စတင်ဖမ်းဆီးနိုင်ခဲ့ပြီးနောက် စက်တင်ဘာ ၈ ရက်တွင် သတင်းအချက်အလက် စိစစ်ပေးသူ တရားခံ မစ္စတာ ကီယတ်တီဆက် (Kiattisak / အိုက်စ်, ၄၀ နှစ်) ကို ငှားရမ်းထားသည့် အခန်းတစ်ခုအတွင်း ၁ နာရီကျော်ကြာ ဝိုင်းဝန်းပိတ်ဆို့ကာ ဖမ်းဆီးနိုင်ခဲ့သည်။
တရားခံ ကီယတ်တီဆက် မှာ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရဖူးပြီး လွန်ခဲ့သည့် ၁ နှစ်ခန့်ကမှ ထောင်မှ လွတ်မြောက်လာသူဖြစ်သည်။ ၎င်းက သားကောင်ဖြစ်မည့် သူများ၏ ကိုယ်ရေးအချက်အလက်များကို လိုက်လံစုံစမ်းပေးပြီး အဖွဲ့ဝင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း ဝန်ခံထားသည်။
လက်ရှိတွင် ကျန်ရှိနေသည့် တရားခံတစ်ဦးအား ထပ်မံဖမ်းဆီးနိုင်ရေး စုံစမ်းနေဆဲဖြစ်သည်။ ရဲတပ်ဖွဲ့က ပြည်သူများအနေဖြင့် မိမိတို့အား ရဲတပ်ဖွဲ့ဝင်ဟု ဆိုကာ စစ်ဆေးမှု သို့မဟုတ် ငွေကြေးတောင်းခံမှုများ ပြုလုပ်လာပါက ရဲတပ်ဖွဲ့ဝင် အထောက်အထား ကတ်ပြား (Police ID) ကို မဖြစ်မနေ တောင်းဆိုစစ်ဆေးကြရန်နှင့် သံသယဖြစ်ဖွယ်ကြုံရပါက ရဲစခန်းသို့ ချက်ချင်း တိုင်ကြားကြရန် နှိုးဆော်ထားသည်။
Source;Thaiger
