ကိုရတ်မှ အမျိုးသမီးတစ်ဦး အွန်လိုင်းမှ ၆,၇၃၀ ဘတ်ဖြင့် ဝယ်ခဲ့သည့် ရွှေလက်စွပ် အတုဖြစ်နေ

ထိုင်းနိုင်ငံ၊ နခွန်ရတ်ချာစီမာ (ကိုရတ်) မြို့မှ အမျိုးသမီးတစ်ဦးသည် လူကြိုက်များသော အွန်လိုင်းစျေးဝယ် အက်ပလီကေးရှင်းတစ်ခုမှတစ်ဆင့် ၆,၇၃၀ ဘတ်ဖြင့် ဝယ်ယူခဲ့သည့် ရွှေလက်စွပ်မှာ ရွှေအတုဖြစ်နေပြီး ရောင်းချသူဆိုင်ပါ ပိတ်သိမ်းသွားသဖြင့် အခြား အွန်လိုင်းစျေးဝယ်သူများ သတိထားနိုင်ရန် ထုတ်ဖော်ပြောကြား သတိပေးလိုက်ပါတယ်ဗျာ။

အဆိုပါ အမျိုးသမီးသည် ၁.၉ ဂရမ် အလေးချိန်ရှိ ရွှေလက်စွပ်တစ်ကွင်းကို မူရင်းစျေး ၇,၄၇၆ ဘတ်မှ လျှော့စျေး ၆,၇၃၀ ဘတ်ဖြင့် အရစ်ကျ ၃ ကြိမ်ခွဲ၍ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ သတင်းထောက်များအား ပြသခဲ့သည့် ဓာတ်ပုံမှတ်တမ်းများအရ အဆိုပါ ဝယ်ယူမှုကို TikTok Shop မှတစ်ဆင့် ပြုလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း တွေ့ရသည်။

ရောင်းချသူဘက်က ပစ္စည်းကို ပြည်ပမှ ပို့ဆောင်မည်ဖြစ်၍ ၈ ရက်ခန့် စောင့်ဆိုင်းရမည်ဟု အကြောင်းကြားခဲ့သည်။ ပစ္စည်းရောက်ရှိလာချိန်တွင် ထုပ်ပိုးထားသည့် ပါဆယ်ဘူးမှာ သံသယဖြစ်ဖွယ် တွေ့ရှိရသဖြင့် ဘူးမဖောက်မီ ဗီဒီယိုရိုက်ကူး မှတ်တမ်းတင်ထားခဲ့သည်။

အဆိုပါ လက်စွပ်ကို ရွှေဆိုင်သို့ သွားရောက်စစ်ဆေးကြည့်ရာ ရွှေစစ်မဟုတ်ကြောင်း ဆိုင်ဝန်ထမ်းများက အတည်ပြုခဲ့သည်။ ထို့ကြောင့် ငွေပြန်လည်တောင်းခံရန် ရောင်းချသူ၏ အကောင့်သို့ ဆက်သွယ်ရာတွင် ဆိုင်မှာ ပိတ်သိမ်းသွားခဲ့ပြီဖြစ်သည်။

လက်ရှိတွင် အဆိုပါ အမျိုးသမီးသည် ငွေပြန်လည်ရရှိရန် အက်ပလီကေးရှင်း၏ Customer Service ထံ အကြောင်းကြားထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သည်။

အွန်လိုင်းမှတစ်ဆင့် စျေးဝယ်ယူသူများအနေဖြင့် ရောင်းချသူများ၏ မှတ်ပုံတင်ချက်များကို သေချာစွာ စစ်ဆေးရန်နှင့် ပေါက်စျေးထက် ပုံမှန်မဟုတ်ဘဲ လျှော့ချရောင်းချနေသည့် ပစ္စည်းများကို အထူးသတိထားရန် တိုက်တွန်းထားသည်။

ထို့ပြင် ပစ္စည်းရောက်ရှိလာပါက ဘူးကို စတင်ဖွင့်ဖောက်စဉ်ကတည်းက ဗီဒီယိုရိုက်ကူးထားခြင်းဖြင့် နောက်ပိုင်း အထောက်အထားအဖြစ် တင်ပြရာတွင် အသုံးဝင်မည်ဖြစ်ကြောင်း သတိပေး အကြံပြုထားသည်။

Source;Thaiger